ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

TNLA နှင့် စစ်ကောင်စီပူးပေါင်းအဖွဲ့တို့ သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ဇယ်လန့်ကျေးရွာတွင် တိုက်ပွဲပြန်လည်ဖြစ်ပွား

TNLA နှင့် စစ်ကောင်စီပူးပေါင်းအဖွဲ့တို့ သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ဇယ်လန့်ကျေးရွာတွင် တိုက်ပွဲပြန်လည်ဖြစ်ပွား

Hsan Loi Editor
30/07/2023
Share:

 

ယမန်နေ့ ဇူလိုင်လ (၂၉) ရက်နေ့ နံနက်ပိုင်းက သျှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် ဇယ်လန့်ကျေးရွာအုပ်စု၊ မန်ကန်ရွာအနီး၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြို့မပြည်သူ့စစ်နှင့်ပူးပေါင်းပြီး TNLA အဖွဲ့အား ဝင်ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကောင်စီ၏ ခလယ ၂၆၁ တပ်နှင့်အတူ မြို့မပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းကာ အင်အား (၁၀၀) ဦးခန့်ပါဝင်သော စစ်ကြောင်းဖြင့် ကုန်းလွယ်စေတီအနီးအခြေချထားသည့် TNLA အား ဝင်ရောက်တိုက်ခိုက်ရာ TNLA မှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟုဆိုသည်။

“ဇယ်လန့်ဘက်မှ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကို ဆက်ကြေးကောက်နေတဲ့ TNLA အဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ရာကနေ အရင်တစ်ပတ်ကတည်းက စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲဖြစ်နေတာပါ။ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ရဟတ်ယာဉ်အသုံးပြုတိုက်ခိုက်ခဲ့လို့ ပြည်သူလူထုနေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ပြီး သေတဲ့သူတောင်ရှိတယ်။ တိုက်ပွဲက တစ်ပတ်နီးနီးလောက်ငြိမ်သက်ခဲ့ပေမယ့် မနေ့တော့ ဇယ်လန့်ဘက်မှ လက်နက်ကြီးလက်နက်ငယ်သံတွေနဲ့ တိုက်ပွဲပြန်ဖြစ်ခဲ့တယ်။” ဟု မူဆယ်ဒေသခံတစ်ဦးက ပြောပြသည်။

“TNLA ဘက်က ထောင်ထားတဲ့မိုင်းကို စစ်ကောင်စီတပ်တွေ သွားနင်းမိရာကနေ တိုက်ပွဲပြန်ဖြစ်ခဲ့တာလို့တော့ ပြောသံကြားတယ်။ တစ်ခုဆိုးတာက TNLA တွေက ရွာတွေထဲကို ဝင်ဝင်နေတော့ စစ်ကောင်စီအဖွဲ့ဘက်ကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ရင် ရွာသူရွာသားတွေအိမ်ပဲထိခိုက်ပြီး ရွာသားတွေပဲ အသက်ပေးကြရတယ်။ တိုက်ပွဲကို ရွာပြင်တွေမှာပဲ ဖန်တီးပြီးတိုက်ကြပေါ့။ အခုတော့ ရွာသူရွာသားတွေလည်း ထိတ်လန့်ကုန်ကြပြီ။ တချို့တွေကတော့ နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီပေါ့။” ဟု အဆိုပါဒေသတွင် နေထိုင်သူ ပြည်သူတစ်ဦးကလည်း ပြောပြသည်။

ယမန်နေ့က တစ်နေကုန် လက်နက်ကြီးလက်နက်ငယ်များဖြင့် အပြန်အလှည်ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ထိခိုက်သေဆုံးမှုသတင်းကတော့ နှစ်ဘက်အဖွဲ့မှ ထုတ်ပြန်လာခြင်း မရှိသေးပါ။