ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
အခြားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုခု၏ ဩဇာအာဏာအောက်မနေလိုခြင်းအပြင် သျှမ်းအချင်းချင်း ပြန်လည်ပစ်ခတ်တိုက်ခိုက်လိုခြင်းမရှိသောကြောင့် SSPP/SSA အဖွဲ့၏ အရာရှိနှင့် တပ်သားများစွာ RCSS/SSA အဖွဲ့ထံ လက်နက်နှင့်အတူ ဝင်ရောက်ပူးပေါင်းခဲ့ကြောင်း Tai Freedom သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
၂၀၂၄ ခုနှစ် မေလနှင့် ဇွန်လအတွင်း မိုင်းယောင်းနှင့် မိုင်းပျဉ်း မှ SSPP/SSA အရာရှိနှင့် တပ်သား (၁၅)ဦးသည် သျှမ်းအချင်းချင်း ပြန်လည်ပစ်ခတ်တိုက်ခိုက်လိုခြင်းမရှိသောကြောင့် RCSS/SSA အဖွဲ့ထံ ဝင်ရောက်ပူးပေါင်းခဲ့သည်ဟုဆိုသည်။ ထိုအထဲတွင် အချို့သည် လက်နက်နှင့်အတူ ဝင်ရောက်လာခြင်းဖြစ်ကာ မိသားစုဝင်များကို စိုးရိမ်ပူပန်သော တပ်သားအချို့သည်လည်း ကိုယ်လွတ်ရုန်း ဝင်ရောက်လာသည်ဟုသိရသည်။
၂၀၂၄ ခုနှစ် မေလ (၆)ရက်နေ့က စဝ်ပူးအွန် ဦးဆောင်သော တပ်ရင်း(၉၇၂)မှ စိုင်းဆိုင်စံနှင့် စိုင်းခမ်းပန်းသည် MQ (၂)လက်၊ ကျည်အိမ်(၈)ခု၊ ကျည်ဆံ(၄၀၀)တောင့်၊ လက်ပစ်ဗုံး(၈)လုံး၊ စကားပြောစက်(၁)ခုနှင့်အတူ မိုင်းယောင်း မိုင်းပျဉ်းဒေသရှိ RCSS/SSA အဖွဲ့ထံ ဝင်ရောက်ပူးပေါင်းခဲ့သည်။
၂၀၂၄ ခုနှစ် ဇွန်လ(၃)ရက်နေ့တွင် စဝ်အုန်းကျော် ဦးဆောင်သော နယ်မြေ-၂၄ မှ SSPP/SSA တပ်သား စိုင်းအုန်းသည် M22 (၁)လက်၊ ကျည်အိမ်(၄)ခု၊ ကျည်ဆံ(၁၀၀)တောင့် နှင့်အတူ RCSS/SSA ထံ ဝင်ရောက်ပူးပေါင်းသည်။
၂၀၂၄ ခုနှစ် ဇွန်လ(၄)ရက်နေ့တွင် စဝ်ဖုန်းလူ ဦးဆောင်သော နယ်မြေ(၃၅) မှ SSPP/SSA အရာရှိ တပ်ကြပ်ကြီး စိုင်းဝန်း၊ တပ်ကြပ် စိုင်းသီရိ တို့သည် MQ (၁)လက်၊ M21 (၁)လက်၊ ပစ္စတို C-Z (၁)လက်၊ M22 ကျည်ဆံ(၁၀၆)တောင့်၊ 9MM (19) တောင့်နှင့်အတူ RCSS/SSA ထံ ဝင်ရောက်ပူးပေါင်းခဲ့သည်။
အလားတူ အဆိုပါနေ့တွင်ပင် “စဝ်ပီးလုံ ဦးဆောင်ပြီး ကျိုင်းခမ်းလုံမှာ အခြေချထားတဲ့ တပ်ရင်း-၉၇၇ က နယ်မြေခံတပ်သားဖြစ်သူ ဦးစိုင်းတော အသက်(၅၅) နှစ် က SSPP/SSA အဖွဲ့ကနေ ကိုယ်လွတ်ရုန်း ထွက်ပြေးလာပြီး RCSS/SSA ဆီကို ဝင်ရောက်ခဲ့တယ်။ ဦးစိုင်းတောဟာ သူ့သားက SSPP/SSA ဆီမှာ တာဝန်ထမ်းဆောင်ဖို့ စာရင်းပါခဲ့ပြီးတော့ သူ့သားထွက်ပြေးလို့ သူ့ကို ဖမ်းဆီးပြီး စစ်သားလုပ်ခိုင်းထားတာဖြစ်လို့ RCSS အနေနဲ့ သူ့ကို လွတ်လွတ်လပ်လပ် သွားခွင့်ပြုနိုင်ဖို့ ကူညီသွားမယ်။”ဟု RCSS/SSA အဖွဲ့က တာဝန်ရှိသူတစ်ဦး ပြောသည်။
RCSS/SSA အဖွဲ့ထံ ဝင်ရောက်ပူးပေါင်းခဲ့သော SSPP/SSA တပ်သားများက “အခြားလက်နက်ကိုင် အဖွဲ့အစည်းက ကျနော်တို့ကို လာရောက်ဦးဆောင်မှာမျိုးကို မလိုချင်ဘူး။ ပြီးတော့ သျှမ်းအချင်းချင်း ပြန်တိုက်ခိုက်မှာလည်း ကျနော်တို့မလိုလားဘူး။ အခုဆိုရင် နေ့တိုင်း ထွက်ပြေးနေတဲ့တပ်သားတွေရှိပြီးတော့ နောက်ထပ်လာပူးပေါင်းဦးမယ့်သူတွေလည်း ရှိသေးတယ်။”ဟု ပြောပြသည်။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) ထံ ဝင်ရောက်ပူးပေါင်းခဲ့သော SSPP/SSA အရာရှိနှင့် တပ်သား(၁၅)ဦးအား RCSS/SSA က ၎င်းတို့ ဆန္ဒသဘောထားအား မေးမြန်းပြီး ကူညီဆောင်ရွက်သွားမှာဖြစ်ကြောင်း သတင်းရရှိသည်။