ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်မြောက်ပိုင်းမဟာမိတ်များအဖြစ် ပူးပေါင်းပြီး စစ်ဆင်ရေးများစွာ ပြုလုပ်ခဲ့ကြသည့် SSPP/SSA အဖွဲ့နှင့် TNLA အဖွဲ့တို့သည် ယခုအခါ ၎င်းတို့နယ်မြေအတွင်း စစ်သားစုဆောင်းမှုနှင့် ပတ်သက်၍ အငြင်းပွားမှု စတင်ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ဖေဖော်ဝါရီလ (၁) ရက်နေ့က TNLA အဖွဲ့မှ SSPP ထံ ဗိုလ်မှူးတားအိုမ်ဆိုင်က စာတစ်စောင် ရေးသားပေးပို့ခဲ့ကြောင်း သိရသည်။
အဆိုပါ စာထဲတွင် လားရှိုးခရိုင်နှင့် ၎င်းတို့တပ်မဟာ (၆) ဒေသတွင် နေထိုင်ကြသော တအာင်းလူမျိုးအပေါ် SSPP/SSA အဖွဲ့မှ စစ်မှုထမ်းစေခြင်းနှင့် အခွန်ပေးစေခြင်းများ ပြုလုပ်နေသည်ကို ထပ်မံပြုလုပ်ခြင်းမပြုရန် ဖော်ပြထားသည်။
“TNLA တွေ ကျောက်မဲ တစ်ကျောမှာတော့ တအာင်းလူမျိုးတွေအပေါ်တော့ ဘယ်လိုဆက်ဆံလည်းမသိဘူး။ တချို့သျှမ်းရွာတွေဆို သျှမ်းစာမတတ်ရင် မဝင်လာရဘူးဆိုပြီး ခြိမ်းခြောက်မှုတွေတောင်လုပ်တယ်။ ပြီးတော့ သျှမ်းလူမျိုး စီးပွားရေးလုပ်ငန်းရှင်တွေဆီကိုလည်း အမျိုးမျိုးအကြောင်းပြပြီး ကောက်နေတယ်။ မပေးဘူးဆိုရင်လည်း မိသားစုဝင်တစ်ယောက်ယောက်ကို ဖမ်းပြီးတော့ ငွေတောင်းနေကြတာပဲ။ အဲ့လိုပဲ SSPP ကိုလည်းပေးရသေးတာ။ SSPP ဘက်နေလည်း အဲ့ဒီ TNLA အဖွဲ့တွေ သျှမ်းလူမျိုးတွေအပေါ် ငွေမကောက်ဖို့ကျတော့ မပြောပေးဘူး။ ဘာမှလည်းမကာကွယ်ပေးဘူး။” ဟု ကျောက်မဲမြို့နယ်ရှိ ဒေသခံတစ်ဦးက ပြောပြသည်။
ကျောက်မဲခရိုင် သီပေါ ၊ ကျောက်မဲမြို့နယ်အတွင်း TNLA အဖွဲ့မှ သျှမ်းလူမျိုး စီးပွားရေးလုပ်ငန်းရှင်အပြင် ရွာသူရွာသားများပေါ် ငွေကြေးအတင်းအဓမ္မတောင်းနေမှုများ အပြင် စစ်သားစုဆောင်းခြင်းများ ပြုလုပ်ခဲ့သော်လည်း SSPP အဖွဲ့မှ မည်သည့် တုန့်ပြန်ကာကွယ်မှုမှ မပြုလုပ်ခဲ့ပေ။
ယခုအခါ TNLA အဖွဲ့မှ စာထုတ်ပြီး တားမြစ်နေပြီဖြစ်သလို SSPP/SSA အဖွဲ့မှ ထပ်မံ၍ စစ်မှုထမ်းစေခြင်းနှင့် အခွန်ပေးဆောင်စေခြင်းများ တွေ့ရှိပါက TNLA မှ အကာအကွယ်ပေးသွားမည်ဟု ပြတ်ပြတ်သားသား ဖော်ပြသွားသည်။
အဆိုပါစာနှင့် ပတ်သက်၍ သျှမ်းပြည်နယ်မြောက်ပိုင်းတွင် SSPP နှင့် TNLA တို့ စစ်ရေး တင်းမာမှုများဖြစ်ပေါ်မည်ကို ဒေသခံများက စိုးရိမ်နေကြသည်။