ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

SSPP နှင့် UWSA အဖွဲ့တို့က မိုင်းကိုင်မြို့နယ်ဒေသခံပြည်သူလူထုများအား တစ်ပတ်တစ်ကြိမ်ထောက်ခံစာပြုလုပ်ခိုင်းနေပြီး ရွာအဝင်အထွက်ကန့်သတ်မှုပြုလုပ်နေ

SSPP နှင့် UWSA အဖွဲ့တို့က မိုင်းကိုင်မြို့နယ်ဒေသခံပြည်သူလူထုများအား တစ်ပတ်တစ်ကြိမ်ထောက်ခံစာပြုလုပ်ခိုင်းနေပြီး ရွာအဝင်အထွက်ကန့်သတ်မှုပြုလုပ်နေ

Hsan Loi Editor
27/05/2023
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်တွင် ဒေသခံရွာသူ/ရွာသားများအား ၎င်းဒေသတွင် ရောက်ရှိနေသည့် SSPP အဖွဲ့နှင့် UWSA အဖွဲ့တို့က ကျေးရွာထောက်ခံစာများ တစ်ပတ်တစ်ကြိမ် ပြုလုပ်စေလျက်ရှိကြောင်း သိရသည်။

 

ထောက်ခံစာကို ကျေးရွာအုပ်ချုပ်ရေးမှူးက ပြုလုပ်ပေးရပြီး ထောက်ခံစာကို ရွာဝင်ရွာထွက်များတွင် SSPP အဖွဲ့နှင့် UWSA အဖွဲ့တို့က စစ်ဆေးရေးဂိတ်များပြုလုပ်ထားပြီး စစ်ဆေးကြပါသည်။ အကယ်၍ ထောက်ခံစာမပါဘဲ စစ်ဆေးတွေ့ရှိမိပါက အသွားအလာပြုလုပ်ခြင်းကို တားမြစ်ထားကြောင်း ဒေသခံများက ပြောပြသည်။

 

“ထောက်ခံစာလုပ်ခိုင်းတာက နှစ်လလောက်ရှိနေပြီ။ အရင်ကတော့ သိပ်မစစ်ပေမယ့် အခုဆိုရင် ရွာအဝင်လမ်းတွေမှာ သူတို့စစ်သားတွေက နေ့တိုင်းစစ်ဆေးတယ်။ တောင်ယာသွားတာပဲဖြစ်ဖြစ် ၊ စေ◌ျးသွားတာပဲဖြစ်ဖြစ် ထောက်ခံစာမပါရင် သူတို့တွေပေးမသွားဘူး။ သျှမ်းစစ်သားတွေဆိုရင် နည်းနည်းရှင်းပြပြီး သွားလို့ရပါသေးတယ်။ ဝ စစ်သားတွေ စောင့်တဲ့ရွာတွေဆိုရင် ဘာမှရှင်းပြလို့မရဘူး။ တခါက ရွာဓလေ့အတိုင်း ဘုန်းကြီးကျောင်းကန်တော့သွားကြတာ ထောက်ခံချက်မပါလို့ဆိုပြီး ရွာထဲပေးမဝင်ခဲ့ဘူး။” ဟု မိုင်းကိုင်မြို့နယ်အတွင်းရှိ ဒေသခံတစ်ဦးက ပြောပြသည်။

 

မိုင်းကိုင်မြို့နယ်အတွင်းရှိ ကျေးရွာတော်တော်များကို အသွားအလာကန့်သတ်ခြင်းအပြင် တစ်ရွာလျှင် တပ်သားသစ်တစ်ဦးနှုန်းပို့ပေးရမည်ဟု ကောက်ခံထားသလို ဆန်စပါးများကိုလည်း အဆမတန်ကောက်ခံလျက်ရှိသည်ဟု ဆိုသည်။

 

“ရွာမှာ ယောကျာ်းလေးတွေ သိပ်မရှိတော့ဘူး။ တော်တော်များများက ထိုင်းကိုအလုပ်ထွက်လုပ်ကြသလို တချို့တွေလည်း မြို့ကို မိသားစုလိုက်ပြောင်းကုန်ကြပြီ။ ရွာမှာ အသုဘချဖို့တောင် လူကြီးတွေနဲ့ မိန်းကလေးတွေပဲကျန်တော့တယ်။ ဒီလိုအချိန်မှာ တစ်နှစ်စာအတွက် တစ်ရွာကို ဆန်(၇၂)အိတ်ပေးရမယ်လို့ ထပ်တောင်းလာတယ်။ တချို့အိမ်တွေဆိုရင် အလုပ်လုပ်နိုင်တဲ့သူတွေက ထွက်ပြေးကုန်ကြလို့ အလုပ်လည်းမဖြစ်ကြဘူး။ ရွာအဝင်အထွက်ပါကန့်သတ်ထားတော့ တခြားနေရာတွေမှာ အလုပ်သွားလုပ်ပြီး ညနေမိုးချုပ် ရွာပြန်ဖို့လည်း မလွယ်ဘူး။ အဲ့ဒါကြောင့် ကျနော်တို့ရွာသားတွေက အရမ်းကို ကျဉ်းထဲကြပ်ထဲရောက်နေကြပြီ။ တကယ်တမ်းပြောရရင် ရွာမှာကျန်နေတဲ့သူတွေက ထွက်ပြေးဖို့ အခွင့်အလမ်းမရှိတဲ့သူတွေပဲ ကျန်တော့တာပါ။ ဘယ်သူမှ ဒီလိုအနိုင်ကျင့်ခံနေရတဲ့ နေရာမှာမနေချင်တော့ဘူး။ မပျော်တော့ဘူး။” ဟု အမည်မဖော်လိုသူ ဒေသခံနောက်တစ်ဦးက ထပ်မံပြောပြသည်။

 

အလားတူ သျှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ်တွင်လည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် UWSA နှင့် SSPP အဖွဲ့တို့၏ တပ်သားသစ်စုဆောင်းမှုများကြောင့် နေအိမ်စွန့်ခွာထွက်ပြေးသည့် ဒေသခံဦးရေ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလျက်ရှိကြောင်း သတင်းရရှိသည်။