ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

SSPP နှင့် UWSA ပူးပေါင်းအဖွဲ့တို့၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် လဲချားမြို့နယ် ပန်ဆန်းကျေးရွာအုပ်စု ဟိုနမ့်ပါကန်းရွာသားအား တောထဲတွင် သတ်ဖြတ်ခြင်းခံရသည့်အလောင်းပြန်တွေ့

SSPP နှင့် UWSA ပူးပေါင်းအဖွဲ့တို့၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် လဲချားမြို့နယ် ပန်ဆန်းကျေးရွာအုပ်စု ဟိုနမ့်ပါကန်းရွာသားအား တောထဲတွင် သတ်ဖြတ်ခြင်းခံရသည့်အလောင်းပြန်တွေ့

Hsan Loi Editor
07/06/2023
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ်အရှေ့ပိုင်းတွင် နယ်မြေစိုးမိုးမှုရယူလာသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် UWSA နှင့် SSPP ပူးပေါင်းအဖွဲ့တို့သည် လဲချားမြို့နယ် ဟိုနမ့်ပါကန်းရွာသားတစ်ဦးအား ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း Ngao Leng Hun Mai ၏ ဖော်ပြထားမှုအရ သိရသည်။

ဖြစ်စဉ်အား စုံစမ်းသိရှိရာတွင် လဲချားမြို့နယ် ပန်ဆန်းကျေးရွာအုပ်စု ဟိုနမ့်ပါကန်းကျေးရွာသားတစ်ဦးဖြစ်သူ ဦးစိုင်းပန္တ ကို UWSA နှင့် SSPP ပူးပေါင်းအဖွဲ့တို့က ၂၀၂၃ ခုနှစ် မေလ (၂၈)ရက်နေ့၌ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူသည် (၁၀) ရက်ခန့် သတင်းအစအနမရဘဲ အဆက်အသွယ်ပျက်နေသောကြောင့် ကျေးရွာသူ/ကျေးရွာသားမျာက လိုက်လံရှာဖွေရာမှ ဇွန်လ (၆) ရက်နေ့တွင် ပါကန်းရွာတောင်ဘက်ပိုင်းရှိ ခြုံပုတ်တစ်ခုအတွင်း သတ်ဖြတ်ခံထားရသည့် ၎င်းအလောင်းကို တွေ့ရှိခဲ့ရသည်။

SSPP နှင့် UWSA ပူးပေါင်းအဖွဲ့သည် ထွက်ပြေးတိမ်းရှောင်လျက်ရှိသည့် ဒေသခံများကို နေအိမ်ပြန်လာရန်နှင့် ဒေသခံပြည်သူလူထုများ၏ လုံခြုံရေးကို တာဝန်ယူပေးမည်ဟု ပြောဆိုခဲ့ခြင်းကြောင့် ဒေသခံများလည်း ယုံကြည်ပြီး ကျေးရွာသို့ ပြန်လည်နေထိုင်ကြကြောင်း သိရသည်။

“သူတို့က ဘာမှ စိုးရိမ်စရာကြောက်စရာမလိုဘူး လုံခြုံရေးရယူပေးမယ်ဆိုတဲ့အတွက် ကျနော်တို့လည်း စိုက်ပျိုးချိန်ဖြစ်နေလို့ အိမ်ပြန်ကြတာပေါ့။ မပြန်ရင်လည်း နောက်နှစ်တွေမှာ စားစရာမရှိတော့လို့ လဲချားမြို့နယ် အရှေ့ဘက်ပိုင်း ရွာသားတွေက ယုံကြည်ပြီး ပြန်ကြတယ်လေ။ အိမ်ရောက်တော့ သူတို့ပြောထားတာနဲ့ လုပ်ရပ်က မတူညီဘူးဖြစ်နေတယ်။ လွတ်လွတ်လပ်လပ် သွားလာခြင်းမပြုဘဲ ညဘက်ဆိုရင် ရွာပြင်မထွက်ရဘူး။ တောင်ယာသွားရင်လည်း နေ့လည်စာ ထမင်းထုပ်ကို များများပေးမယူဘူး။ပြီးရင် ရွာအဝင်အထွက်တွေမှာလည်း စစ်ဆေးရေးဂိတ်တွေ ထားပြီး ဖုန်းထဲက ပုံတွေ ခေါ်ထားတဲ့ဖုန်းနံပါတ်တွေကအစ စစ်ကြတယ်။ ဒီဒဏ်တွေကို မခံနိုင်ကြတဲ့အဆုံး နေအိမ်တွေ တောင်ယာစိုက်ခင်းတွေကို စွန့်ပြီး တစ်မိသားစုလုံးထွက်ပြေးကုန် ကြတယ်။ တစ်ချို့ရွာတွေဆိုရင် (၁၀) အိမ်လောက်ပဲကျန်ပြီးတော့ တစ်ချို့ရွာတွေဆိုရင် (၁၀) တောင်မပြည့်တော့ပါဘူး။” ဒေသခံများက Ngao Leng Hun Mai ထံ ဖြေကြားထားသည်။

ယခု လဲချားမြို့နယ် ပန်ဆန်းကျေးရွာအုပ်စု ဟိုနမ့်ပါကန်းရွာသား ဖမ်းဆီးသတ်ဖြတ်ခံရခြင်းနှင့်ပတ်သက်၍ SSPP ဘက်က မည်သည့် တာဝန်ယူဖြေရှင်းပေးခြင်းမျှ ပြုလုပ်ခြင်းမရှိသေးပါဘူး။