ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
RCSS နယ်မြေခံတပ်ဖွဲ့ဝင်များအား PNLO လက်အောက်ခံတပ်ဖွဲ့များ လာရောက်ချောင်းပစ်၍ ယနေ့နံနက် ၅း၃၀ – ၀၆း၀၀ နာရီဝန်းကျင်ခန့်ထိ သျှမ်းပြည်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ဟိုနမ့်ကျေးရွာအုပ်စု၊ ဝမ်ခဲကျေးရွာတဝိုက် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရပါသည်။
RCSS/SSA အတွင်းရေးမှူး ၂ နှင့် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းခမ်းစံက “ တိုက်ပွဲဖြစ်တာ ဟုတ်ပါတယ်၊ သူတို့ (PNLO/PNLA) က အောက်ပိုင်းက တပ်ဖွဲ့ဝင်တွေကို မထိန်းလို့ ဖြစ်တဲ့သဘောပါ၊ အထက်ကလူတွေကတော့ ဝင်ထွက်သွားလာနေကြတာပါပဲ၊ အဆက်အသွယ်လည်းပုံမှန်ရှိကြပါတယ်၊ အစည်းအဝေးလည်း အတူတက်ကြပါတယ် ပြဿနာမရှိပါဘူး၊ ဒါက အောက်ပိုင်းက တပ်ပိုင်းကိုင်တဲ့သူတွေရဲ့ ပြဿနာပါ၊ တပ်ပိုင်းတွေ့ဆုံဆွေးနွေးဖို့ သူတို့ကို ညှိဖူးပါတယ်၊ သူတို့ဖက်က မတွေ့ချင်တဲ့သဘောပါ ” ဟု Hsan Loi Voice သို့ ပြောပါသည်။
PNLA တပ်ဖွဲ့ဝင်အချို့က ရွာခံအချို့ကို မကြာခဏဖမ်းဆီးမှုသတင်းရရှိခြင်းနှင့် RCSS တပ်ဖွဲ့ဝင်များကို လာရောက် ချောင်းမြောင်းပစ်ခတ်၍ ဖြစ်ရခြင်းဟု ပြောပါသည်။
ယခင်က စာပေးပို့၍ ဆက်သွယ်ညှိနှိုင်းသော်လည်း စာမပြန်ဟု ပြောပါသည်။
စစ်ရေးသဘောသဘာဝအရ တိုက်ပွဲဖြစ်ပွားပါက အင်အားဖြည့်တင်းခြင်းဖြစ်သည်ဟု ပြောပါသည်။
PNLA တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားပြီးနောက် PNLA တပ်ဖွဲ့ဝင် ကျဆုံး ရုပ်အလောင်း ၅ ဦးနှင့် လက်နက်အချို့ကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။ ၎င်းတို့ဖမ်းဆီးထားသော ရွာသား ၆ ဦးကို တွေ့ရှိခဲ့ရာ RCSS ဘက်က ပြန်လည်လွတ်ပေးလိုက်သည်ဟု ဆိုသည်။
PNLO/PNLA တွင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ နှင့် ဗိုလ်ချုပ် ခွန်သူရိန် (စစ်ရေးပိုင်း) ၂ ဖက် သဘောထား မတူ၊ ချိတ်ဆက်ဆောင်ရွက်မှု သိပ်မရှိဟန် ကွဲလွဲနေကြသည်ဟု သုံးသပ်မှုများလည်း ရှိနေကြပါသည်။
၂ နာရီကျော် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး RCSS/SSA နယ်မြေခံတပ်ဖွဲ့များ နမ့်ယမ်နှင့် လေခွင်ကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြသည်ဟု PNLO info သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။