စစ်ကော်မရှင်က ခေတ်စနစ်နဲ့အညီ ဖြစ်စေဖို့ဆိုကာ “ မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေ” အသစ်တစ်ရပ်ကို မတ်လ ၁၇ ရက်နေ့က အသစ်ပြဋ္ဌာန်းထုတ်ပြန်လိုက်ပါတယ်။
ဒီဥပဒေအသစ်ဟာ နိုင်ငံကူးလက်မှတ်(Passport) လျှောက်ထားတာ၊ ကိုင်ဆောင်တာနဲ့ သက်တမ်း တိုးတာတွေမှာ စည်းကမ်းချက်တွေ ပိုပြီးတင်းကျပ်လာသလို လိုက်နာဖို့ ပျက်ကွက်ရင်လည်း ပြင်းထန်တဲ့ ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ ချမှတ်သွားမယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒီဥပဒေထဲမှာ Passport ကို သာမန်၊ အထူး၊ သံတမန်နဲ့ အီလက်ထရောက်နစ်(E-passport) ဆိုပြီး အမျိုးအစားခွဲခြားထားသလို လျှောက်ထားတဲ့အခါမှာလည်း UID(Unique Identification Number) စနစ်နဲ့ အချက်အလက်တွေကို သေချာစိစစ်သွားမှာ ဖြစ်ကာ အထူးဖြင့် နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေနိုင်သူတွေနဲ့ တရားရုံးမှာ အမှုရင်ဆိုင်နေရသူတွေကိုတော့ Passport ထုတ်ပေးမှာ မဟုတ်ဘူး လို့ အတိအလင်း ဖော်ပြထားပါတယ်။
ပြစ်ဒဏ်တွေအနေနဲ့နဲ့ကတော့ ပုဒ်မ ၃၅ အရ နိုင်ငံကူးလက်မှတ်ကို တစ်ဆင့်ခံရောင်းတာ၊ လွှဲပြောင်းပေးတာ ဒါမှမဟုတ် အာမခံအဖြစ် ပေါင်နှံတာမျိုး လုပ်မယ်ဆိုရင် ထောင်ဒဏ် ၁ နှစ်ကနေ ၅ နှစ်အထိ ချမှတ်နိုင်ပြီး အနည်းဆုံး ငွေဒဏ် ကျပ် ၁၀ သိန်းကနေ ၁၅ သိန်းအထိ ချမှတ်သွားမှာပဲ ဖြစ်ပါတယ်။
ဒီဥပဒေသစ် ပြဋ္ဌာန်းလိုက်တာဟာ ပြည်ပထွက်မယ့် မြန်မာနိုင်ငံသားတွေအပေါ်မှာ ရိုက်ခတ်မှုတွေ အများကြီး ရှိလာနိုင်ပြီး ပထမအချက်ကတော့ နိုင်ငံတော်လုံခြုံရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ အာဏာပိုင်တွေအနေနဲ့ Passport ထုတ်ပေးတာ ဒါမှမဟုတ် ပယ်ဖျက်တာတွေကို စိတ်ကြိုက်စီမံပိုင်ခွင့် ပိုရသွားတာကြောင့် နိုင်ငံရေးအရ အတိုက်အခံလုပ်နေသူတွေနဲ့ CDM ဝန်ထမ်းတွေအတွက် Passport ရဖို့ ပိုခက်ခဲလာနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
ဒါ့အပြင် UID စနစ်ကြောင့် လျှောက်ထားသူရဲ့ နောက်ကြောင်းရာဇဝင်ကို အာဏာပိုင်တွေက အလွယ်တကူ စောင့်ကြည့်စစ်ဆေးနိုင်တော့မှာပဲ ဖြစ်သလို Passport ကို အပေါင်ထားတာ ဒါမှမဟုတ် ပွဲစားတွေနဲ့ အချက်အလက်ပြင်ဆင်တာတွေကို ပြင်းထန်တဲ့ ထောင်ဒဏ်တွေ သတ်မှတ်လိုက်တာကြောင့် ပြည်ပထွက်ခွာလိုသူတွေအကြားမှာ ကုန်ကျစရိတ်တွေနဲ့ စိုးရိမ်ပူပန်မှုတွေ ပိုပြီး မြင့်တက် လာနိုင်တယ်လို့ ပြည်တွင်းရှိ အလုပ်အကိုင်ရှာဖွေရေးအင်ဂျင်စီတစ်ချို့က ဆိုပါတယ်။
ဒီဥပဒေအသစ်ဟာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ အချက်အလက်တွေကို ပိုပြီး တင်းကျပ်စွာ ကိုင်တွယ်ဖို့နဲ့ ပြည်ပထွက်ခွာမှုကို စနစ်တကျ ကန့်သတ်ထိန်းချုပ်ဖို့အတွက် စစ်ကော်မရှင်က ရည်ရွယ် လုပ်ဆောင်လိုက်တာပဲ ဖြစ်ပါတယ်။