ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ဧပြီလ (၁၇)ရက်နေ့က ကျရောက်သော UWSA နှင့် မြန်မာစစ်တပ် ငြိမ်းချမ်းရေးရယူခြင်း (၃၄) နှစ်ပြည့်အပေါ် NUG မှ “ဝ” ပြည်နယ် ငြိမ်းချမ်းရေးတည်ဆောက်မှု (၃၄)နှစ်ပြည့် ဟူ၍ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။
သျှမ်းပြည်နယ်အတွင်းရှိ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းကို “ဝ” ပြည်နယ်ဟူ၍ သုံးနှုန်းခဲ့သည့်အပေါ် သျှမ်းပြည်သူ လူထုအတွင်း ဝေဖန်မှုများစွာ ထွက်ပေါ်လာခဲ့သည်။ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းသည် စစ်တပ်၏၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ဆန်း စသည့် မြို့နယ် (၆) မြို့နယ် ပါဝင်သည်။
အနောက်ဘက်တွင် သံလွင်မြစ်ရှိပြီး အရှေ့ဘက်ပိုင်းတွင် တရုတ်နိုင်ငံနှင့်နယ်နမိတ်ချင်းထိစပ်နေသည်။ “မြို့နယ် (၆) မြို့နယ်၌ လူဦးရေတစ်သိန်းကျော်ရှိပြီး တရုတ်ငွေကို အသုံးပြုကြသလို မြန်မာငွေလည်း အသုံးပြုကြသည်။
စစ်တပ်၏၂၀၀၈ အခြေခံဥပဒေတွင် ဝ မြောက်ပိုင်းခရိုင်များဖြစ်သည့် ဟိုပန်နှင့်မက်မန်းတို့ကိုသာ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ထားသည်။ စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံရာတွင် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းကို ပြည်နယ်အဆင့် သတ်မှတ်ရန် နူတ်အားဖြင့် သဘောတူညီကြောင်း သတင်းထွက်ပေါ်ခဲ့သည်။
UWSA တောင်းဆိုသည့် ပြည်နယ်အဆင့်တွင် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှ မြို့နယ် (၆) မြို့နယ်အပြင် မိုင်းဆတ်ခရိုင်အတွင်းရှိ ၎င်းတို့ ၁၇၁/စစ်ဒေသ ပါမပါ မသိရသေးပါ။ ၁၇၁/စစ်ဒေသအနီးတွင် စစ်ကောင်စီတပ်အပါအဝင် ၊ နယ်ခြားစောင့်တပ်များ၊ RCSS တပ်များလည်း ရှိသည်။
စစ်တပ်၂၀၀၈ အခြေခံဥပဒေအရ ပြည်နယ်နှင့်တိုင်း နယ်နမိတ်သတ်မှတ်မည်ဆိုပါက ၎င်းဒေသတွင် နေထိုင်သော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတို့၏ သဘောထားကို ရယူရပါမည်။ ထက်ဝက်ကျော် ထောက်ခံမဲမရပါက နယ်နမိတ်ပြင်ဆင်မရပါ။ ထက်ဝက်ကျော် ထောက်ခံမဲရပါက သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆန္ဒကို ရယူရပါမည်။ လွှတ်တော်ကိုယ်စားလှယ်မှ လေးပုံသုံးပုံထက် ပို၍ ထောက်ခံပါက နယ်နမိတ်ကို သမ္မတ ပြင်ဆင်သတ်မှတ်ပေးရမည်ဟု ဖော်ပြထားသည်။
တိုင်းဒေသကြီး၊ ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသ စသည့် နယ်နမိတ် ပြင်ဆင်ရေး (သို့မဟုတ်) အမည်ပြောင်းရေးကိစ္စ ပေါ်ပေါက်လာပါက သက်ဆိုင်ရာတိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံ တင်ပြပြီး၊ သမ္မတက လိုအပ်သလို ဆောင်ရွက်ပေးရမည်ဟု ပုဒ်မ (၅၄) တွင် ဖော်ပြထားသည်။
“ဝ” ကိုယ်ပိုင်အုပ်ချုပ်တိုင်းသည် လက်တလောအခြေအနေအရ ကိုယ်ပိုင်တရားစီရင်ရေးစနစ်များ ကျင့်သုံးနေသော်လည်း “ဝ” ပြည်နယ်တရားဝင်သတ်မှတ်ရန် အဆင့်ပေါင်းစွာ ရှိနေသေးသည်။
ဒီလိုအနေအထားမျိုးကို NUG မှ အဘယ်ကြောင့် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းကို “ဝ” ပြည်နယ်ဟု ရေးသားဖော်ပြကြောင်း ဝေဖန်ကြသည်မှ မဆန်းပါ။ သျှမ်းပြည်နယ်အတွင်းရှုပ်ထွေးသည့် ပဋိပက္ခများကို ပိုမိုကြီးထွားစေရန် ခွဲခြားအုပ်ချုပ်မှုကို လှုံ့ဆော်သလိုသာဖြစ်ကြောင်း ဝေဖန်ကြသည်။
လက်ရှိသျှမ်းပြည်နယ်တွင် UWSA ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် RCSS အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေပြီး သျှမ်းပြည်နယ် နေရာများစွာကိုလည်း UWSA အဖွဲ့မှ တပ်သားများ ဖြန့်ကျက်လာသည်ကို တွေ့ရသည်။
ဒါ့အပြင် NUG ထုတ်ပြန်မှုပြီးနောက် သျှမ်းရဟန်းတစ်ပါးဖြစ်သော မိုင်းဖုန်းဆရာတော်ဘုရားကြီး သာသနာပြုခရီးစဉ်ကို ဧရာဝတီမီဒီယာ ဒေသတွင်းမီဒီယာတစ်ခုကပါ ပေါ်ပေါ်ထင်ထင်ဝေဖန် လာသည်ကို မြင်တွေ့ရသည်။
မိုင်းဖုန်းဆရာတော်ဘုရားကြီး၏ ကချင်ပြည်နယ် သာသနာပြုခရီးစဉ်အတွင်း ခရိုနီတစ်ဦး၏ အထူးကူညီပံ့ပိုးမှုဖြင့် အတူတကွသွားလာနေသည်ကို တွေ့ရသည်ဟု ဖော်ပြထားသည်။ မိုင်းဖုန်းဆရာတော်ဘုရားသည် ပဋိပက္မများဖြစ်ပွားနေသည့် သျှမ်းစစ်တပ်(၂)ဖွဲ့ဖြစ်သော RCSS နှင့် SSPP ဌာနချုပ်တို့တွင် သွားရောက်ခဲ့သလို မူစလင်နှင့်အခြားဘာသာခြားဒေသများထံ ခွဲခြားခြင်းမရှိဘဲ သွားရောက်ခဲ့ပြီးဖြစ်သည်။ သာသနာပြုခရီးစဉ်များကို နေရာဒေသ အဖွဲ့အစည်းများ ခွဲခြားခြင်းမရှိဘဲ သွားရောက်နေသည့် ဆရာတော်ဘုရားကြီးကို မီဒီယာစာမျက်နှာထက်တွင် ဝေဖန်တိုက်ခိုက်လာသည်မှာ စဉ်းစားစရာဖြစ်လာသည်။