NCA လုပ်ငန်းစဉ် အကောင်အထည်ဖော်မှုဟာ အာဏာသိမ်းလိုက်ကတည်းက ရပ်တန့်နေခဲ့တာပါ၊ နေပြည်တော်မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုတာလဲ NCA အပေါ် အခြေပြုထား တယ်လို့သာ ပြောထားတာ NCA ကို အကောင်အထည်ဖော်တဲ့ လုပ်ငန်းစဉ်မဟုတ်ပါဘူး”
မကြာခင်လပိုင်းက ကျင်းပပြုလုပ်ပြီးစီးသွားတဲ့ NCA ၁၀ နှစ်ပြည့် အခမ်း အနားအပြီး RCSS ရဲ့ NCA လုပ်ငန်းစဥ်အပေါ် ရပ်တည်ချက်နဲ့ ကျင်းပတော့မယ့် စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး RCSS ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီမှာ ဦးဆောင်ကော်မတီဝင် တစ်ဦးဖြစ်တဲ့ စိုင်းလျန်း အား လက်ရှိနိုင်ငံရေး အခင်းအကျင်းအပေါ် သဘောထားအမြင်တွေ သိရှိနိုင်ရန်အတွက် Hsan Loi Voice မှ ဆက်သွယ်မေးမြန်းထားတာကို အပိုင်း ၁ အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။
မေး။ ။ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်ပြီး စစ်တပ်က အခုလို လက်နက်ကိုင်လမ်းစဉ်နဲ့ ဖြေရှင်းတဲ့ ကြိုးပမ်းမှုဟာ နှစ်ပေါင်း ၇၀ ကျော်ကြာတဲ့အထိ ဘာရလဒ်မှ မထွက်ခဲ့တာကို သင်ခန်းစာယူဖို့နဲ့ ဒီမိုကရေစီနောက်ပြန်ဆွဲခြင်းဟာ လက်နက်ကိုင် လမ်းစဉ်ကြောင့်လို့ ပြောတယ်ပေါ့ နော်။
တဖက်မှာလည်း ဒီနိုင်ငံရေးဖြစ်စဥ်အကြောင်းတရားကို လက်ညှိုးထိုးပြီး NCA မှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့ဟာ ရှိပြီးသား ကတိကဝတ်တွေကို ချိုးဖောက်ပြီး ငြိမ်းချမ်းရေးလမ်းကြောင်းကို သွေဖယ်မှု ပြုလုပ်ခဲ့ကြတယ်လို့ စစ်ခေါင်းဆောင်က ဒီဇင်ဘာ ၃ ရက်က စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းမှာ ပြောသွားခဲ့တယ်ပေါ့နော်။
ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့လည်းဖြစ်တဲ့ RCSS ရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီမှာ ဦးဆောင်ကော်မတီဝင် တစ်ဦးဖြစ်တဲ့ စိုင်းလျန်း အနေနဲ့ ဒီအပေါ်မှာ ဘယ်လိုသဘောထားရှိပါသလဲခင်ဗျ။
ဖြေ ။ ။ ပထမဦးဆုံးအနေနဲ့ ဖြေချင်တာကတော့ တကယ်ဆိုရင် လက်နက်ကိုင်လမ်းစဉ်နဲ့ ဖြေရှင်းတဲ့ ကြိုးပမ်းမှု နှစ်ပေါင်း ၇၀ ကျော်ကြာတဲ့အထိ ဘာရလဒ်မှမထွက်ခဲ့တာကို သင်ခန်းစာယူသင့်တာက တော်လှန်ရေး အစုအဖွဲ့တွေ မဟုတ်ပါဘူး။ လက်နက်ကိုင်ပြီး အာဏာကိုရယူ နိုင်ငံရေးပြဿနာကို အကြမ်းဖက်နည်းနဲ့ ကြိုးစားပြီး ဖြေရှင်းနေတဲ့ စစ်တပ်ကသာ သင်ခန်းစာယူသင့်တာပါ။ နှစ်ပေါင်း ၇၀ ကျော် အဲ့လိုကြိုးစားခဲ့လို့လဲ နိုင်ငံရဲ့အခြေအနေ ဆိုးဆိုးရွားရွား ဒီအဆင့်ထိရောက်ခဲ့ရတာပါ။
လက်နက်ကိုင်ပြီး တော်လှန်ကြတာက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ အခင်းအကျင်း မဖန်တီးပဲ လက်နက်ကိုင်ပြီး မတရားဖိနှိပ်ချုပ်ချယ်လို့ လက်နက်ကိုင်ပြီး တော်လှန်နေကြရတာလေ။ ဒါကြောင့် လက်နက်ကိုင်လမ်းစဥ်နဲ့ ဖြေရှင်းတဲ့ကြိုးပမ်းမှုကို သင်ခန်းစာယူသင့်တာက စစ်တပ် ကိုယ်တိုင်ဖြစ်ပါတယ်။ တော်လှန်ရေးအစုအဖွဲ့ တွေမဟုတ်ပါဘူး။ ဒီမိုကရေစီနောက်ပြန်ဆွဲတာလဲ စစ်တပ်ပါပဲ စစ်တပ်က အာဏာကို ရယူလိုက်တာက တိုးတက်ပြောင်းလဲနေပြီဖြစ်တဲ့ ဒီမိုကရေစီ အပြောင်းအလဲကို တပ်ကပဲ နောက်ပြန်ဆွဲ လိုက်တာပဲလေ။
NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က ရှိပြီးသား ကတိကဝတ်တွေကို ချိုးဖောက်ပြီး ငြိမ်းချမ်းရေးလမ်းကြောင်းကို သွေဖယ်မှု ပြုလုပ်ခဲ့ကြတယ် ဆိုတာလဲ ရှင်းရှင်းပြောရရင် ပြန်တိုက်နေတဲ့ အဖွဲ့အစည်းတွေကို ဆိုလိုတာလို့ နားလည်ရပါတယ်။
ပြန်တိုက်နေတဲ့အဖွဲ့အစည်းတွေရဲ့ ရပ်တည်ချက်နဲ့ ခံယူချက်ကို လေ့လာကြည့်မယ်ဆိုရင် သူတို့ရဲ့ အဆိုက NCA ဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် အခြေခံပြီး ဖြစ်လာတဲ့ ရွေးကောက်ခံ အစိုးရနဲ့လက်မှတ်ထိုးထားတဲ့ အပစ်အခတ် ရပ်စဲရေးနဲ့ နိုင်ငံကို ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ပြည်ထောင်စုပြည်နယ်တွေ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ပြည်နယ်တွေနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ နိုင်ငံရေး မတူကွဲပြားမှုတွေကို နိုင်ငံရေးအရ ဖြေရှင်းဆွေးနွေးမယ်ဆိုတဲ့ စာချုပ်ဖြစ်တယ်။
အခု စစ်တပ်က ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းလိုက်တာဟာ သူတို့ကိုယ်တိုင် ရေးဆွဲပြဌာန်းခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလဲ ဖောက်ဖျက်ရာကျသလို အာဏာသိမ်းလိုက်ခြင်းနဲ့အတူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာလဲ မရှိတော့ဘူး။
အဲ့ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အမှီပြုပြီး ပေါ်ပေါက်လာတဲ့ ရွေးကောက်ခံ အစိုးရနဲ့ထိုးထားတဲ့ NCA စာချုပ်ဆိုတာလဲ အာဏာသိမ်းခြင်းနဲ့အတူ ပျက်ပြယ်သွားပြီဆိုတာရယ်၊ ၂၀၂၁ အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးနဲ့ စစ်တပ်ရဲ့ အကြမ်းဖက် နှိမ်နှင်းခဲ့တဲ့ အခင်းအကျင်းတွေကြောင့် စစ်တပ်က နိုင်ငံရေး လိုလားမှု တစုံတရာ မကျေနပ်တိုင်း အာဏာသိမ်းဖို့ အခွင့်အလမ်းပေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ယန္တရားကိုလဲ နောင်မှာဒီလို ဒီမိုကရေစီ ပြောင်းလဲတဲ့ အခင်းအကျင်းမှာ စစ်တပ်က နောက်ပြန်ဆွဲ မလုပ်နိုင်အောင် တွန်းလှန်မှ ရတော့မယ်ဆိုပြီး နွေဦးတော်လှန်ရေးနဲ့အတူ ပြန်တိုက်သွားကြတာဟာ ကျနော့်တယောက်ထဲ အမြင်အနေနဲ့ ပြောရရင် သူတို့က ရှိပြီးသား ကတိကဝတ်တွေကို ချိုးဖောက်သွားတာ မဟုတ်ပဲ စစ်တပ်က အာဏာသိမ်းလိုက်ခြင်းကသာ ရှိနေပြီးသား နိုင်ငံရေးဆွေးနွေးမှု အခင်းအကျင်းကို ပျက်ပြယ်စေလိုက်တာလို့ပဲ မြင်ပါတယ်။
ဒီနေရာမှာ RCSS နဲ့မတူတာက RCSS အနေနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်းနဲ့ပဲ အဖြေရှာသင့်တယ်ဆိုခြင်းနဲ့အတူ NCA သည် နိုင်ငံတကာ သက်သေများအဖြစ် လက်မှတ်ထိုးထားတဲ့ နိုင်ငံရေးဆွေးနွေးဖို့ အခွင့်အလမ်းပေးထားတဲ့ စာချုပ် ဖြစ်တာကြောင့် NCA ပေါ်မှာပဲ ရပ်တည်နေဆဲပါ။
မေး။ ။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်က NCA ၁၀နှစ်ပြည့်ပွဲ ကျင်းပသွားခဲ့တယ်။ အဲ့ဒီပွဲကို လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့က စစ်တပ်အာဏာသိမ်းလိုက်တော့ NCA ရဲ့ အနှစ်သာရကို ဖျက်ဆီးလိုက်သလိုဖြစ်ပြီး လုပ်ငန်းစဥ်ဖော်ဆောင်မှု တွေရပ်တန့်သွားစေခဲ့လို့ စက္ကူစုတ် တစ်ခုအဖြစ်သာ ဖြစ်တယ်ဆိုပြီး ကန့်ကွက်ခဲ့တယ်ပေါ့နော်။ အဲ့ဒီ ၁၀ နှစ်ပြည့် နှစ်ပတ်လည်မှာ RCSS အနေနဲ့လည်း ကြေညာချက်တစ်စောင်ထုတ်ပြန်တာလည်းရှိတယ်ပေါ့။
ဆိုတော့ NCA လက်မှတ်ထိုးထားတဲ့အဖွဲ့ထဲက အချို့အဖွဲ့တွေနဲ့ စစ်တပ်တို့ ယနေ့ထိ တိုက်ခိုက် နေကြလို့ EAOs နဲ့ စစ်တပ်တို့ကြား ယုံကြည်မှုမရှိတော့ဘဲ ရှေ့ဆက် မြန်မာ့နိုင်ငံရေးရဲ့ ပြဿနာကို ဒီ NCA လမ်းကြောင်းပေါ်ကနေ ဆက်သွားလို့ အဆင်ပြေတော့မလား။
ပြည်သူအားလုံးက လိုလားတဲ့ ငြိမ်းချမ်းရေးက ပိုဝေးသွားမယ်လို့ထင်လား၊ NCA မူအတိုင်းသွားနေတဲ့ အဖွဲ့အစည်းအပေါ် တစ်ခြားသော နိုင်ငံရေးအဖွဲ့အစည်း တစ်ချို့နဲ့ လူထုတစ်ချို့က ဝေဖန်နေမှုတွေ၊ အားမလိုအားမရ ဖြစ်နေမှုတွေအပေါ် ဘာများပြောချင်သလဲဗျ။
ဖြေ။ ။ RCSS ရဲ့ NCA အပေါ်ရပ်တည်ချက်ကို လူတွေအများအားဖြင့်က အမြင်မှားနေတာတွေ အများကြီးရှိတယ်လို့ မြင်မိပါတယ်။ အဲ့ဒါကြောင့် ဒီမှာ လူတွေအများအားဖြင့် သိအောင် ပြောချင်တာကတော့ RCSS က NCA အပေါ်မှာ ရပ်တည်နေတယ်ဆိုတာ NCA ရဲ့အနှစ်သာရဖြစ်တဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြစ်တဲ့ တွေ့ဆုံဆွေးနွေးခြင်းနဲ့ပဲ ဖြေရှင်းမယ် ဆိုတာရယ်၊ အရပ်သားပြည်သူများကို အကာအကွယ်ပြုရမယ် ဆိုတာရယ်၊ ပဋိပက္ခကြောင့် ထွက်ပြေး တိမ်းရှောင်နေရတဲ့ ပြည်သူများကို လိုအပ်တဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီရရှိရေးဆိုတဲ့ NCA ရဲ့အနှစ်သာရ အပေါ်မှာသာ ရပ်တည်နေတာပါ။
အဲ့ဒီရပ်တည်ချက်နဲ့အတူ NCA မပေါ်ခင် က ရှိခဲ့တဲ့ နှစ်ဘက်အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကို ထိန်းထားတာပဲရှိပါတယ်။ NCA ရဲ့ အကောင် အထည်မှု ယန္တရားကို ပြန်လည်အသက်သွင်းဖို့ မဟုတ်ဘူး။ ဥပမာ NCA အကောင်အထည်ဖော်မှု ယန္တရားထဲက တစ်ခုဖြစ်တဲ့ ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) ဆိုရင် ကျနော်တို့ RCSS က နှုတ်ထွက်ခဲ့တာ အာဏာမသိမ်းခင် ကတည်းကပါ။
နှုတ်ထွက်ခဲ့ရတဲ့ အကြောင်းရင်းက ကျနော်တို့က အပစ်အခတ်ရပ်စဲရေးသဘောတူညီစာချုပ် NCA အပေါ်မှာ နှစ်ဘက်လိုက်နာမှု ရှိမရှိ ချိုးဖောက်မှု ရှိမရှိကို monitor လုပ်ဖို့ဖြစ်တယ်။ စစ်တပ်ကကျတော့ NCA အပေါ်မဟုတ်ပဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တည်ဆဲဥပဒေအပေါ်မှာ အခြေခံပြီး monitor လုပ်နေခဲ့တယ်။ ကျနော်တို့အဖွဲ့အစည်းဆိုတာက အစိုးရအဆက်ဆက်က ပင်လုံစာချုပ်နဲ့ ကတိကဝတ် အကောင်အထည် မဖော်ခဲ့လို့ ပင်လုံစာချုပ်ပေါ် အခြေခံပြီးတည်ထောင်လာတဲ့ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်တယ်။
ဆိုလိုတာက ကျနော်တို့အဖွဲ့အစည်းက တော်လှန်ရေးအဖွဲ့အစည်း ဖြစ်ခြင်းနဲ့အတူ ဦးနေဝင်း အာဏာသိမ်း ကတည်းက ဖြစ်လာတဲ့ ဘယ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုမှ လက်မခံခဲ့သလို အဲ့ဒီအောက်က ရှိနေတဲ့ အဖွဲ့အစည်းလဲ မဟုတ်ဘူး။ ဒါကြောင့် ကျနော်တို့အဖွဲ့အစည်းအတွက် အကျုံးမဝင်ဘူး။
NCA မှာဖော်ပြထားတာကလဲ နှစ်ဖက်ကျူးလွန်ဖောက်ဖျက်မှု ရှိလာတဲ့အခါ သက်ဆိုင်ရာ အဖွဲ့အစည်းရဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေအတိုင်းသာ အပြစ်ပေးဖို့ သဘောတူထားပေမဲ့ တပ်ကတော့ ကျနော်တို့လူတွေကို တည်ဆဲဥပဒေတွေနဲ့ စီရင်အပြစ်ပေးတာကြောင့် ဒါတွေက NCA က ပေးထားချက်ထက် ကျော်လွန်နေပြီ၊ NCA ကို အစိုးရနဲ့ တပ်မတော်က ချိုးဖောက်နေပြီ၊ NCA အတိုင်းသာ ဆောင်ရွက်ဖို့ အကြိမ်ကြိမ်ညှိနှိုင်းခဲ့ပေမယ့် ညှိနှိုင်းလို့လဲ မရတာနဲ့ JMC ပါဝင်ခြင်းကနေ နှုတ်ထွက်ခဲ့တာပါ။
အဲ့ဒါကြောင့်လဲ NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည် ထုတ်ပြန်ချက်မှာလဲ NCA အကောင်အထည်ဖော်နိုင်မှု အားနည်းခဲ့တယ်ဆိုတာရယ် နှစ်ဦးနှစ်ဘက် ယုံကြည်မှု မတည်ဆောက် နိုင်တာရယ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက် ရောက်ရေးသာ EAOs တွေကို ဖိအားပေးလုပ်ဆောင် ခဲ့တယ်လို့ပါခဲ့တယ်လေ။
မေး။ ။ NCA ကရော အလုပ်ဖြစ်နေလား။ ဘယ်ခရီးထိရောက်နေပြီလို့ထင်လဲခင်ဗျ။
ဖြေ။ ။ NCA လုပ်ငန်းစဉ်အကောင်အထည်ဖော်မှုက ခုနကပြောခဲ့သလို အာဏာသိမ်းလိုက် ကတည်းက အကောင်အထည်ဖော်မှုက ရပ်တန့်နေခဲ့တာပါ။ နေပြည်တော်မှာကျင်းပတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆိုတာလဲ NCA အပေါ် အခြေပြုထားတယ်လို့သာ ပြောထားတာ၊ NCA ကို အကောင်အထည် ဖော်တဲ့လုပ်ငန်းစဉ် မဟုတ်ပါဘူး။
စစ်ကော်မရှင် က အာဏာသိမ်းစဥ် ကတည်း က ကြေညာခဲ့တဲ့ လုပ်ငန်းစဉ်ကိုသာ သူတို့ရဲ့အစီအစဉ်အတိုင်း အကောင် အထည်ဖော်ခြင်းပါ။ အဲ့ဒါကို NCA လက်မှတ် ထိုးတာရော မထိုးတာရောရဲ့ အဖွဲ့အစည်းတွေကို ခေါ်ယူတွေ့ဆုံ ချပြခြင်းပဲရှိတယ်။ နိုင်ငံရေး ဆွေးနွေးပွဲတွေ မရှိခဲ့ပါဘူး။ ဒါက စစ်ကော်မရှင်ဘက်က လုပ်နေတဲ့အခင်း အကျင်းပေါ့။
NCA အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်နဲ့ တိုက်ရိုက်ကြီး မသက်ဆိုင်ပါဘူး။ တနည်းပြောရရင် NCA လုပ်ငန်းစဉ်မဟုတ်ပါဘူး။ ဒါ့အပြင် ၂၀၂၁ အာဏာသိမ်းခြင်းနဲ့အတူ နိုင်ငံရေးဆွေးနွေးရေးယန္တရားဖြစ်တဲ့ UPDJC ဆိုရင် ရွေးကောက်ခံ အစိုးရကိုယ်စားလှယ်၊ လွတ်တော်ကိုယ်စား လှယ် ဆိုတာတွေလဲ မရှိတော့ဘူး။ ဆိုတော့ အဲ့ဒီယန္တရား ကလည်း အင်္ဂါ မစုံတော့ဘူး၊ ပျက်ပြယ်နေပြီးသားဖြစ်တယ်လေ။
အဲ့ဒီအပြင် ဒီအာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ နွေဦးတော်လှန်ရေး အခင်း အကျင်း၊ ပဋိပက္ခကြောင့် တိုက်ပွဲဖြစ်နေရတဲ့ နိုင်ငံရဲ့လက်ရှိ အခင်းအကျင်း က 𝐍𝐂𝐀 လက်မှတ်ထိုးစဥ်ရော အကောင် အထည်ဖော်စဥ်ကာလ အခင်းအကျင်းနဲ့ကရော လုံးဝမတူတော့ဘူး။ ဒါကြောင့် လက်ရှိနိုင်ငံရေး ဖြစ်စဉ် အခင်းအကျင်းနဲ့ဆိုရင် 𝐍𝐂𝐀 အကောင်အထည်ဖော်မှု လမ်း ကြောင်း အတိုင်းဖြေရှင်းဖို့ မလုံ လောက်တော့ဘူး။ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ဆွေးနွေး အဖြေရှာမယ်ဆိုတဲ့ 𝐍𝐂𝐀 ရဲ့အနှစ်သာရကို အခြေခံတဲ့ ဒီထက်ကျယ်ပြန့်တဲ့ အဘက်ဘက်က အားလုံးပါဝင် ဆွေးနွေးနိုင်တဲ့ နိုင်ငံရေးဆွေးနွေးမှု အခင်းအကျင်းသစ်ကိုတော့ ဖန်တီးမှ အလုပ်ဖြစ်မယ်ဆိုတဲ့ ရပ်တည်ချက်အပေါ်မှာသာ ရပ်တည် နေတာပါ။ NCA အကောင်အထည်ဖော်စဥ်ကာလက အကောင်အထည်ဖော်ခဲ့တဲ့ ယန္တရားကို ပြန်အသက်သွင်းဖို့ မဟုတ်ပါဘူး။
ချုပ်ပြီးပြောရရင် စစ်ကော်မရှင်က ဖြစ်ချင်တဲ့ အခင်းအကျင်းကို သွားပြီး အားဖြည့်တာ မဟုတ်ဘူး။ 𝐑𝐂𝐒𝐒 အဖွဲ့အစည်းအနေနဲ့ 𝐀𝐒𝐄𝐀𝐍 ရဲ့ သဘောတူညီချက် ၅ ချက်ထဲက တချက်ဖြစ်တဲ့ 𝐀𝐥𝐥 𝐢𝐧𝐜𝐥𝐮𝐬𝐢𝐯𝐞 𝐩𝐨𝐥𝐢𝐭𝐢𝐜𝐚𝐥 𝐝𝐢𝐚𝐥𝐨𝐠𝐮𝐞 ဖြစ်မှပဲ နိုင်ငံရေးပဋိပက္ခတွေကို ဖြေရှင်းနိုင်မယ်ဆိုပြီး အဲ့ဒီအခင်းအကျင်းဖြစ်လာဖို့ 𝐩𝐫𝐨𝐩𝐨𝐬𝐞 သွားလုပ်တာဖြစ်တယ်။ 𝐍𝐂𝐀 လမ်းဟောင်းအတိုင်း လိုက်ပါနေတာ မဟုတ်ပါဘူး။ အဲ့လိုအားလုံးပါဝင်တဲ့ အခင်းအကျင်း အကောင် အထည် မဖော်နိုင်သေးရင်တော့ ငြိမ်းချမ်းရေးက ပိုဝေးနေအုန်းမှာပါ။
မေး။ ။ RCSS အဖွဲ့အစည်းအနေနဲ့ ရှေ့ဆက်လုပ်ငန်းစဥ်ကို ဘယ်လို လုပ်ဆောင်သွားဖို့ ရှိပါသလဲ။
ဖြေ။ ။ ထုတ်ပြန်ချက်ထဲမှာလဲ ရှေ့လုပ်ငန်းစဉ် ဘာတွေလုပ်သင့်တယ်ဆိုတာ အကြံပြုထားတာ ရှိပါတယ်။ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများက ယုံကြည်မှု တည်ဆောက်ရမယ် ဆိုတဲ့နေရာမှာ နိုင်ငံရေးအကျဥ်းသား အပါအဝင် ပြစ်ဒဏ်ချမှတ်ထားခံရတဲ့ တော်လှန်ရေးအဖွဲ့သားတွေကို လွှတ်ပေးရမယ်။ နှစ်ဦးနှစ်ဖက် ကန့်သတ်ချက်မရှိပဲ အပစ်အခတ်ရပ်စဲဖို့ လိုအပ်တယ်။
ဒီနေရာမှာ တပ်မတော်ဘက်က နိုင်ငံတကာကို အကြိမ်ကြိမ် တဖက်သတ် အပစ်ရပ်ကြောင်း ကြေငြာခဲ့တယ်။ ဒါပေမဲ့ သူရဲ့ကြေငြာချက်တွေထဲမှာ နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တရားများအား နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပသာ သူတို့ရဲ့ စစ်ရေးလှုပ်ရှားမှုများကို ရပ်ဆိုင်းပေးမယ်ဆိုတော့ ဒီဘက် တော်လှန်ရေးအဖွဲ့အစည်းတွေကလဲ သူ့အုပ်ချုပ်ရေးယန္တရားကို တော်လှန်နေတာလေ။ အားအားရှိ လက်နက်ကိုင်ပြီး ဆူပူသောင်းကျန်းတာမှ မဟုတ်တာ။
အဲ့ဒါကြောင့် တပ်မတော်ရဲ့ တဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း ကြေညာ ချက်က မကြေညာတာနဲ့ အတူတူပဲဖြစ်တာမို့ အပစ်ရပ်ကြေညာမယ်ဆိုလဲ ဘာကန့်သတ်ချက်မှ ထားမနေဖို့။ အဲ့ဒါမှ ဆွေးနွေးဖို့လမ်းစ၊ ယုံကြည်မှု လမ်းစလေး ရှိလာနိုင်မှာဖြစ်တယ်။ အဲ့ဒီကမှတဆင့် နိုင်ငံတကာအသိသက်သေ အဖြစ် ပါဝင်မှုနဲ့ နိုင်ငံရေးဆွေးနွေးမှုတွေလုပ်ရမယ်။
နိုင်ငံရေးဆွေးမှုမှာလဲ အရေးကြီးဆုံးအနေနဲ့ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရာမှာ ရှိသင့်တဲ့ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေကို ဆွေးနွေးရမယ်ဆိုပြီးပါပါတယ်။
အဲ့ဒီနိုင်ငံရေးဆွေးနွေးပွဲတွေကတဆင့် ရလာတဲ့နိုင်ငံရေး သဘောတူညီချက်တွေ ရလာပြီဆိုမှ အဲ့ဒီသဘောတူညီချက်တွေကို အကောင်အထည်ဖော်မဲ့ လုပ်ငန်းစဉ်တွေ ချမှတ် အကောင်အထည်ဖော် ရမယ် ဆိုတာတွေပါပါတယ်၊ ဒါကြောင့် RCSS အနေနဲ့ All inclusive political dialogue ဆိုတဲ့အခင်းအကျင်းဖြစ်လာအောင် ကြိုးစားတိုက်တွန်းသွားမှာပါ။