မြန်မာ-ထိုင်းနယ်စပ်ရှိ KK Park နေရာအား အမျိုးသားရေးတာဝန်အဖြစ် အပြီးပြတ် ရှင်းလင်းသွားမည်ဟု စစ်ခေါင်း ဆောင်က ကရင်ပြည်နယ်သို့ရောက်ရှိစဥ် ပြောကြားသွားခဲ့ကြောင်းသိရသည် ။
ကျားဖြန့်နှိမ်နင်းရေးအတွက် အမေရိကန်က အထူးတပ်ဖွဲ့ ဖွဲ့ခြင်းနှင့် နိုင်ငံတကာဖိအားပေးမှုများရှိလာပြီးနောက် နာမည် ဆိုးဖြင့် ကျော်ကြားနေသော ကျားဖြန့်လုပ်ငန်းများရှိရာ ကရင်ပြည်နယ်သို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရောက်ရှိချိန် နိုဝင်ဘာ ၁၅ ရက်နံနက်ပိုင်းက ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိ၊ရပ်ဖများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအားဆွေးနွေးပြောကြားစဥ်ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကရင်ပြည်နယ်၌ လက်နက်ကိုင်သောင်းကျန်းမှုများကြောင့် တည်ငြိမ်အေးချမ်းမှု ပျက်ယွင်းပြီး ပြည်သူများထိခိုက်သကဲ့သို့ နိုင်ငံတော်အနေဖြင့်လည်း ထိခိုက်မှုများရှိကာ ထိုသို့လုပ်ဆောင်နေသူများမှာ ကရင်ပြည်နယ်အတွင်းရှိ လက် နက်ကိုင်အဖွဲ့အစည်းများ ဖြစ်သည်ဟုလည်း ၎င်းကပြောဆို သည်။
မကြာမီ ကျင်းပမည့် ရွေးကောက်ပွဲကိုလည်း သိက္ခာရှိသော ရွေးကောက်ပွဲဖြစ်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ လူကို အခြေခံသည့် ဖက်ဒရယ်စနစ်မဟုတ်ဘဲ ဒေသအခြေခံသည့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးရန်၊ မဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲ ပေးကြရန်နှင့် ရွေးကောက်ပွဲအောင်မြင်ရေး ဆောင်ရွက်ပေးကြရန်လည်း စည်းရုံးပြောဆိုသွားသည်ဟုသိရသည်။
ထို့ပြင် နိုင်ငံတော်အနေဖြင့် ကရင်ပြည်နယ်အတွင်း ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ယွင်းအောင်လုပ်ဆောင်နေမှုများကို ရှင်းလင်းဆောင်ရွက်လျက်ရှိကာ အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများလုပ်ဆောင်လျက်ရှိသည့် မြန်မာ-ထိုင်းနယ်စပ်အနီးရှိ KK park နေရာအား အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်အပြီးပြတ်ရှင်းလင်းသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။