ထိုင်းနိုင်ငံအနေနဲ့ ၂၀၂၅ အရှေ့တောင်အာရှ အားကစားပွဲတော် (SEA Games) ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် အားနည်းချက်ရှိနေတယ်လို့ ဝေဖန်သံများထွက်ပေါ်လာပြီးတဲ့နောက် ထိုင်းနိုင်ငံ အားကစားအာဏာပိုင်အဖွဲ့ (Sports Authority of Thailand – SAT) က လူမှုကွန်ရက်ပေါ်မှာ မမှန်ကန်တဲ့ (သို့မဟုတ်) လွဲမှားစေတဲ့ သတင်းအချက်အလက်များ ဖြန့်ဝေသူကို အရေးယူသွားမယ်လို့ SAT က ယနေ့မှာထုတ်ပြန်လာပါတယ်။

လူမှုကွန်ယက်ပေါ်မှာ သတင်းအချက်အလက်အမှားတွေ ဖြန့်ဝေခြင်းကြောင့် ရှုပ်ထွေးမှုများ ဖြစ်ပေါ်ခဲ့ပြီး ထိုင်းအားကစားအာဏာပိုင်အဖွဲ့ရဲ့ ဝန်ထမ်းများ စိတ်ဓါတ်နဲ့ခွန်အားကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။
လာမယ့် ဒီဇင်ဘာလ ၉ ရက်မှ ၂၀ ရက်နေ့အထိ ကျင်းပမယ့် ၃၃ ကြိမ်မြောက် SEA Games အားကစားပွဲတော်ကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ကာ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၉ ရက်မှာ ကျင်းပရန် စီစဉ်ထားတယ်လို့ သိရပါတယ်။
SEA Games ပြိုင်ပွဲနဲ့ ပတ်သက်ပြီး ကြော်ငြာမှု အားနည်းနေတာ၊ ရေဘေးကြောင့် အားကစားကွင်း ပြောင်းရွှေ့ခဲ့ရမှုအပေါ် နှောင့်နှေးကြန့်ကြာတာနဲ့ လုံခြုံရေးအခြေအနေအရ ကမ္ဘောဒီးယား အားကစား အသင်းများ နုတ်ထွက်မှုကြောင့် အချိန်ဇယားရှုပ်ထွေးစေခဲ့သလို အားကစား အမျိုးအစားကျင်းပမယ့် နေရာ မှားယွင်းဖော်ပြခဲ့တာတွေကြောင့် ဝေဖန်ခံနေရတာဖြစ်ပါတယ်။