ဒီကနေ့ အစောပိုင်းမှာ အစ္စရေးက အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုအသစ်များ ပြုလုပ်ခဲ့ပြီး အမေရိကန် စစ်တပ်ကလည်း အစ္စလာမ်မစ်သမ္မတနိုင်ငံ(အီရန်)အတွင်းရှိ ပစ်မှတ်ပေါင်း ၂,၀၀၀ ကို ထိမှန်အောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ကမ္ဘာ့စွမ်းအင်စျေးနှုန်းများ မြင့်တက်လာနေချိန်အတွင်း သမ္မတ ဒေါ်နယ်ထရန့်က အီရန်ဘက်မှ ပိတ်ဆို့မယ်လို့ ခြိမ်းခြောက်ထားတဲ့ ပင်လယ်ကွေ့ဒေသ၏ အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တလျှောက် ရေနံတင်သင်္ဘောတွေကို လုံခြုံစွာလိုက်ပါ ပို့ဆောင်ပေးဖို့ အမေရိကန် ရေတပ်က အသင့်ရှိနေကြောင်း ပြောပါတယ်။
အစ္စရေးစစ်တပ်က အီရန်နိုင်ငံအတွင်းသို့ “ အရှိန်အဟုန်ပြင်းတဲ့ တိုက်ခိုက်မှုလှိုင်း” စတင်ခဲ့ကြောင်း ပြောကြားပြီး အဲ့ဒီမတိုင်မီ နာရီပိုင်းအလိုက အီရန် ဘက်မှ အစ္စရေးနိုင်ငံအတွင်းသို့ ဒုံးကျည်တွေနဲ့ သုံးကြိမ်တိုင်တိုင် ပစ်ခတ်ခဲ့တာကြောင့် တယ်လ်အဗစ်မြို့ရှိ အမျိုးသမီးတစ်ဦး ဒဏ်ရာအနည်းငယ် ရရှိခဲ့တယ်လို့ သိရပါတယ်။
အမေရိကန် ဗဟိုစစ်ဌာနချုပ် (US Central Command) တပ်မှူး ရေတပ်ဗိုလ်ချုပ်ကြီး ဘရတ်ဒ် ကူးပါး (Brad Cooper) က စနေနေ့မှစပြီး အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာမှာ ပဲ့ထိန်းဒုံးကျည်နဲ့ ပစ်ခတ်ရာ အီရန်ရှိ ပစ်မှတ်ပေါင်း ၂,၀၀၀ နီးပါးကို ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။
၎င်းရဲ့ ဗီဒီယိုသတင်းစကားတစ်ခုမှာ “ ဒီစစ်အင်အားစုတွေဟာ ကြီးမားတဲ့ ပစ်ခတ်နိုင်စွမ်းရှိပြီး ဒါဟာ မျိုးဆက်တစ်ခုအတွင်း အရှေ့အလယ်ပိုင်းမှာ အမေရိကန်ရဲ့ အကြီးမားဆုံး စစ်အင်အား စုရုံးမှု ဖြစ်ပါတယ်” လို့ ပြောဆိုပြီး ပထမနေ့ တိုက်ခိုက်မှုဟာ ၂၀၀၃ ခုနှစ်က ဆဒ္ဒမ်ဟူစိန် ရဲ့ အီရတ်နိုင်ငံအပေါ် တိုက်ခိုက်ခဲ့တဲ့ “ Shock and Awe” စစ်ဆင်ရေးထက်ပင် ပိုမိုကြီးမားကြောင်း ပြောကြားခဲ့ပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် အီရန်မှာ လူပေါင်း ၇၈၇ ဦး သေဆုံးခဲ့တယ်လို့ အီရန်လခြမ်းနီအဖွဲ့ (Iranian Red Crescent)က ဆိုပါတယ်။
အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) မှ ဗိုလ်ချုပ် အီဘရာဟင် ဂျာဘာရီ (Ebrahim Jabbari) က “ ရန်သူက ကျွန်ုပ်တို့ရဲ့ အဓိကဗဟိုဌာနတွေကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ရင် ကျွန်ုပ်တို့ကလည်း ဒီဒေသတွင်းမှာရှိတဲ့ စီးပွားရေးဗဟိုဌာန အားလုံးကို ပြန်လည်တိုက်ခိုက်သွားမယ်လို့ ပြောချင်ပါတယ်” လို့ သတိပေးပြောကြားခဲ့ကြောင်း သိရပါတယ်။