အခုရက်ပိုင်းအတွင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ ကျင်းပဖို့ရှိနေတဲ့ ၄၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်မှာ မဟုတ်ဘူးလို့ မလေးရှား ဝန်ကြီးချုပ် ဒါတို့ဆရီ အန်ဝါအီဘရာဟင် က ယမန်နေ့က အတည်ပြုပြောကြားတယ်လို့ မလေးရှား ကလာတဲ့ သတင်းအရသိရပါတယ်။
ဒါ့အပြင် နိုင်ငံရေးအကျပ်အတည်းနဲ့ ပတ်သက်ပြီး အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို စစ်ခေါင်းဆောင်အနေနဲ့ ခိုင်မာစွာ လိုက်နာရန် ထပ်မံအတည်ပြုပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ အာဆီယံထိပ်သီးအစည်းအဝေးသို့ ရှရှားသမ္မတ ပူတင် လည်း တက်ရောက်မှာ မဟုတ်သလို ၎င်းရဲ့ကိုယ်စား ရှရှားဒုဝန်ကြီးချုပ် အလက်ဇန္နား နိုဗတ်ခ် က တက်ရောက်မှာဖြစ်တယ်လို့ အစည်းအဝေး မတိုင်မီ ပြည်တွင်းပြည်ပ သတင်းဌာနများနဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြား ခဲ့တာပါ။

အောက်တိုဘာ ၂၆ ရက် မှ ၂၈ ရက်အထိ သုံးရက်ကြာ ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေး သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များနဲ့ အတူ ထင်ရှားသော ကမ္ဘာ့ခေါင်းဆောင်များ၏ အကြီးဆုံး စုဝေးပွဲဖြစ်လာဖွယ်ရှိတယ်လို့ သိရပါတယ်။
အခြားဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်ပြီး နယ်စပ်ဖြတ်ကျော် အွန်လိုင်းလိမ်လည်မှုပြဿနာကို ထိပ်သီးအစည်းအဝေးတွင် ထဲထဲဝင်ဝင် ဆွေးနွေးမှာဖြစ်ပြီး အာဆီယံခေါင်းဆောင်များအနေဖြင့် ကြီးထွားလာနေသော နယ်စပ်ဖြတ်ကျော် ခြိမ်းခြောက်မှုကို ဖြေရှင်းရန် ပိုမိုအားကောင်းတဲ့ စုပေါင်းလုပ်ဆောင်မှုကို ရှာဖွေမှာဖြစ်တယ်လို့ အန်ဝါ ကပြောပါတယ်။
“ဒီပြဿနာကို နှစ်နိုင်ငံဆွေးနွေးပွဲများနဲ့ ဒေသတွင်း အစည်းအဝေးများမှာ ထည့်သွင်းဆွေးနွေးဖို့ အာမခံချက်ပေးထားပြီး ဒေသတွင်း တည်ငြိမ်မှု၊ ကျန်းမာရေး၊ စီးပွားရေးနဲ့ သာယာဝပြောမှုကို ထိခိုက် စေတဲ့အတွက် ဒီထိပ်သီးအစည်းအဝေးမှာ ထပ်မံဆွေးနွေးမှာဖြစ်တယ်” လို့ သူကပြောပါတယ်။
ယခုအာဆီယံထိပ်သီးအစည်းအဝေးသည် အာဆီယံ၏ ၁၁ ဦးမြောက် အဖွဲ့ဝင်အဖြစ် တီမောလက်စ်တေ ကို တရားဝင်ကြိုဆိုမှာဖြစ်ပြီး တစ်ချိန်တည်းမှာပင် မလေးရှားသည် ထိုင်းနှင့် ကမ္ဘောဒီးယားအကြား ဖြစ်ပေါ်နေသော ပြဿနာများကို ဖြေရှင်းရာတွင် ငြိမ်းချမ်းသော သံတမန်ရေးရာနှင့် အာဆီယံ၏ စည်းလုံးညီညွတ်မှု စိတ်ဓာတ်နှင့်အညီ ဆွေးနွေးမှုနှင့် နားလည်မှုကို အားဖြည့်ရန် အရေးကြီးတယ်လို့ အန်ဝါ က အလေးပေးပြောကြားခဲ့တယ်လို့ သိရပါတယ်။