ယမန်နေ့ နိုဝင်ဘာလ ၆ ရက် ည ၈ နာရီခန့်အချိန်မှာ မိုးကုတ်မြို့နေ ပြည်သူများက အကြမ်းဖက် စစ်ကောင်စီကို လက်မခံကြောင်း သံပုံးတီး ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ ဒေသတွင်း သတင်းရင်းမြစ် ထံမှ သိရပါတယ်။
တရုတ်ကြားဝင်မှု ညှိနှိုင်းမှုကြောင့် စစ်တပ်နဲ့ TNLA တို့ အပစ်ရပ်ပြီး မိုးကုတ်မြို့ကို စစ်ကောင်စီ က ပြန်လည်လက်လွဲရယူမှာဖြစ်တဲ့အတွက် စစ်တပ်ကို အလိုမရှိကြောင်း ပြသတဲ့အနေနဲ့ သံပုံးတီး ဆန္ဒပြတာလို့ သိရပါတယ်။
စစ်တပ် အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အစောပိုင်းကာလတွေမှာလဲ တစ်နိုင်ငံလုံးရှိ ပြည်သူများက ညစဥ် သံပုံးသီးကာ အကြမ်းဖက်စစ်တပ်ကို ဆန္ဒပြခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်က တရုတ်ကြားဝင်ဆွေးနွေးမှုကြောင့် စစ်တပ်နဲ့ TNLA တို့ အပစ်အခတ်ရပ်စဲပြီး မိုးကုတ်မြို့ နဲ့ မိုးမိတ်မြို့ကို TNLA က ပြန်လည်ပေးဖို့ သဘောတူခဲ့ တာဖြစ်ပါတယ်။
သို့ပေမယ့် မိုးကုတ်မြို့ကို NUG လက်အောက်ရှိ တော်လှန်ရေးတပ်ဖွဲ့တွေက ဆက်လက်ခုခံကာကွယ် သွားမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်ထားပါတယ်။
TNLA တွေအနေနဲ့ မိုးကုတ်မြို့ကနေ ယခုလ ၂၅ ရက်မတိုင်မှီ ထွက်ခွာသွားမယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်နေပေမယ့် Hsan Loi Voice အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
TNLA နဲ့ စစ်တပ်တို့ အပစ်ခတ်ရပ်စဲတာ တပတ်ကျော်ကြာပေမယ့် ယခုချိန်ထိတော့ မိုးကုတ်မြို့ထဲကို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတာ မရှိသေးဘူးလို့ သိရပါတယ်။