သျှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ် ဟိုနမ့်ဒေသမှ ဆီဆိုင်မြို့နယ်ရှိ ဘုန်းကြီးကျောင်းအား သွား ရောက်ကန်တော့ရန် ထွက်ခွာလာတဲ့ ကားတစ်စီး လမ်းတစ်ဝက်ရောက်စဥ် တောင်အတက်မှာ ကားဘီးပေါက်ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ယာဥ်ပေါ်ပါ လူ ၅ ဦး သေဆုံးကြောင်း စုံစမ်းသိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့က မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စု ဖာစန်းကျေးရွာမှ ဒေသခံ ၁၇ ဦး လိုက်ပါလာတဲ့ Wish အမျိုးအစားတစ်စီး ဆီဆိုင်သို့အသွား ဆိုက်ခေါက်ကျေးရွာအုပ်စု၊ ပင်ညိုးကျေးရွာ မရောက်ခင် တောင်စောင်းအတက်မှာ ကားဘီးပေါက်ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ယာဥ်ပေါ်ပါလာသူ ၄ ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရပါတယ်။
“ဆီဆိုင်က ဘုန်းကြီးကျောင်းကို သွားကန်တော့မလို့ တောင်အတက်မှာ ကားဘီးပေါက်လို့ ကားမှောက်သွားတယ်၊ ၄ ဦးက ပွဲချင်းပြီးသေတယ်၊ ဒဏ်ရာရတဲ့ လူကို စဝ်စံထွန်းဆေးရုံပို့ထားပြီး အဲ့ထဲကနေ တစ်ယောက်ထပ်သေတယ်၊ ကားမောင်တဲ့သူတော့ ထွက်ပြေးသွားတယ် သူကဘာမှမဖြစ်ဘူးလို့ သိတယ်” လို့ ဆိုက်ခေါင်က သွားရောက်ကူညီတဲ့သူတစ်ဦးက Hsan Loi Voice ကိုပြောပါတယ်။
သေဆုံးသူများသည် ဟိုနမ့်ဒေသ ဖာစန်းကျေးရွာကဖြစ်ပြီး အမျိုးသမီး ၄ ဦး အမျိုးသား ၁ ဦးဖြစ်တယ်လို့ သိရပါတယ်။