သျှမ်းရိုးရာကောက်သစ်စားပွဲနဲ့ သျှမ်းတိုင်းရင်းသားများ နှစ်သစ်ကူးပွဲတော်ကို ပြည်တွင်းက စစ်ဘေးဒဏ် ခံစားနေရတဲ့ မြို့နယ်အချို့ကလွဲပြီး သျှမ်းတိုင်းရင်းသားများကြားမှာ ယဥ်ကျေးမှု အမွေအနှစ်များ ပပျောက်ပျက်အောင် ရိုးရာမပျက် ကျင်းပနေကြပါတယ်။

သျှမ်းနှစ်သစ်ကူးဟာ နှစ်စဥ် နတ်တော်လဆန်း ၁ ရက်နေ့မှာ ကျရောက်ပြီး ယခုနှစ် နိုဝင်ဘာလ ၁၉ ရက် တန်ဆောင်မုန်းလကွယ် ညသန်းခေါင်ယံမှာ သျှမ်းသက္ကရာဇ် ၂၁၁၉ ကုန်ဆုံးပြီး သျှမ်းသက္ကရာဇ် ၂၁၂၀ နှစ် နှစ်သစ်အတွက် ကြိုဆိုပွဲတွေ ပြုလုပ်ကြတာပဲဖြစ်ပါတယ်။

သျှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့နယ်ရှိ ဝမ်ဟတ်တိုက်နယ်မှာ ၂၅ ကြိမ်မြောက် ဓမ္မစကူးလ်သင်တန်းဆင်းပွဲနဲ့ သျှမ်းနှစ်သစ်ကူးကြိုဆိုပွဲကို ပူးတွဲပြီး နိုဝင်ဘာလ ၁၈ ရက်မှ ၂၀ ရက်နေ့ အထိ ကျင်းပသွားမယ်လို့ သိရပါတယ်။

အလားတူ သျှမ်းရှေ့၊ အထူးဒေသ(၄) မိုင်းလားမြို့မှာ သျှမ်းနှစ်ကူးပွဲတော်ကို နိုဝင်ဘာလ ၁၆ ရက်မှ ၂၀ ရက်နေ့အထိကျင်းပဖို့ရှိနေပြီး “ဝ”တပ် ထိန်းချုပ်တဲ့ ဟိုပန်မြို့မှာလည်း သျှမ်းနှစ်ကူးပွဲတော်ကို ၂၀ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်သလို ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နဲ့ လောက်ကိုင်မြို့မှာလည်း သျှမ်းနှစ်သစ်ကူးပွဲတော်ကို စတင်ကျင်းပနေပါတယ်။

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆတ်၊ သျှမ်းပြည်တောင်ပိုင်း နမ့်စန်၊ မိုးနဲ၊ လင်းခေး၊ ကျေးသီး၊ လဲချား၊ မိုင်းရှူး၊ ပင်လုံ၊ တောင်ကြီး၊ ညောင်ရွှေ၊ အင်းလေး ဒေသ၊ ပင်လောင်း စတဲ့ မြို့တွေမှာလည်း သျှမ်းနှစ်သစ်ကူးပွဲ ကျင်းပတယ်လို့ သိရပါတယ်။

စစ်ရေးပဋိပက္ခဖြစ်နေတဲ့ သျှမ်းပြည် မြောက်ပိုင်းက မြို့နယ်အချို့တွေမှာတော့ သျှမ်းနှစ်သစ်ကူးပွဲ ကျင်းပနိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။
အလားတူ စစ်ဘေးတိမ်းရှောင်နေရတဲ့ သျှမ်း−ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့မှ သျှမ်းတိုင်းရင်းသား များလည်း ယခုနှစ်မှာ သျှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပနိုင်ခြင်းမရှိဘဲ နှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ သျှမ်းရိုးရာအကများကို Video Campaign ဖြင့် ပါဝင်ဖို့ ဖယ်ခုံသျှမ်းလူငယ်များကွန်ယက် အသင်းက ဖိတ်ခေါ်ထားပါတယ်။