ဒီကနေ့ မတ်လ ၁ ရက်မှာ ကျရောက်တဲ့ သျှမ်းလူငယ်နေ့မှာ နေရာဒေသအသီးသီးရှိ သျှမ်းလူငယ်များ အားလုံး တာဝန်ကိုယ်စီ သိရှိနားလည်ကာ ကျရာကဏ္ဍမှာ တတ်စွမ်းသရွေ့ ကြိုးစားလုပ်ဆောင်ပြီး စွမ်းရည်ထက်မြက် တက်ကြွလှုပ်ရှားတဲ့ အမျိုးသားအကျိုးပြု လူငယ်များအဖြစ် ပါဝင်အားဖြည့် ကြပါရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ယက် က တိုက်တွန်း ထားပါတယ်။
အာဏာရှင် အုပ်ချုပ်မှု အဆက်ဆက်မှ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု နောက်ပိုင်းနဲ့ ၁၀၂၇ စစ်ဆင်ရေး ကာလမှ ယခုချိန်ထိ သျှမ်းလူမျိုးများဟာ နိုင်ငံရေး ရှုပ်ထွေးမှု ပြဿနားများကြောင့် စစ်ဘေးဒဏ်အပြင် အမျိုးမျိုးသော လူမှုစီးပွားထိခိုက်မှု အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
စစ်ပွဲရဲ့ နောက်ဆက်တွဲဆိုးကျိုးများအနေနဲ့ မြို့ရွာ၊ နေအိမ်များ ထိခိုက်ပျက်စီးးတာ၊ လက်နက်ကိုင်အဖွဲ့ များရဲ့ မတရားဖမ်းဆီးအနိုင်ကျင့်တာ၊ လယ်ယာမြေနဲ့ အိုးအိမ်စည်းစိမ်များ သိမ်းဆည်းခံရတာ၊ လူမှု အသိုင်းအဝိုင်းအတွင်း လူမျိုးရေးခွဲခြားတာ၊ လူငယ်များရဲ့ အကျင့်စာရိတ္တနဲ့ ကိုယ်ကျင့်တရား ပျက်စီးတာ အပြင် လူငယ်တွေရဲ့ ဘဝရှေ့ရေးအနာဂတ် မရေရာမှု ပြဿနာများ ဖြစ်ပေါ်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် ဒီပြဿနာတွေကို အတူတကွဖြေရှင်း ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးများ အားလုံးက လူငယ်များနဲ့ ပူးပေါင်းလက်တွဲပြီး ဝိုင်းဝန်းဖြေရှင်းကြဖို့ကိုလည်း တိုက်တွန်း ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မိမိတို့ သျှမ်းလူထုအပေါ် မတရားအနိုင်ကျင့် ဖိနှိပ်ခံရမှုမှန်သမျှကို မျက်ကွယ်ပြု လျစ်လျှုရှု မပြုရန်၊ သျှမ်းလူထုများရဲ့ အခြေခံရပိုင်ခွင့် အခွင့်အရေး၊ အကျိုးစီးပွားတွေကို အပြည့်အဝ ကာကွယ် စောင့်ရှောက်ပေးပြီး လူမှုဘဝများ လုံခြုံစွာ ရှင်သန်ရပ်တည်နိုင်ရေးအတွက် သျှမ်းလက်နက်ကိုင် အဖွဲ့အစည်းများ၊ သျှမ်းနိုင်ငံရေးပါတီများ၊ သျှမ်းအရပ်ဖက်အဖွဲ့အစည်းများနဲ့ သက်ဆိုင်ရာအဖွဲ့အစည်း များအားလုံး သျှမ်းလူငယ်များနဲ့ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
ဒီနေ့ကျရောက်တဲ့ သျှမ်းလူငယ်နေ့မှာ သျှမ်းလူငယ်အဖွဲ့အစည်းအသီးသီးက စုပေါင်းပြီး “ လူငယ်များ၏ လက်ရှိနှင့် အနာဂတ် ကံကြမ္မာ” ဆိုတဲ့ ခေါင်းစဥ်နဲ့ Zoom ကနေတဆင့် တွေ့ဆုံဆွေးနွေးသွားကြမယ်လို့ သိရပါတယ်။
သျှမ်းလူငယ်နေ့ “Tai Youth Day”ကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ပဲခူးတိုင်း၊ သပြေတန်းကျေးရွာမှာ ကျင်းပတဲ့ တတိယအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ်ညီလာခံမှာ သျှမ်းလူငယ်များ အားလုံးက ဒေါက်တာဘဉာဏ် ကို ဂုဏ်ပြုတဲ့အနေနဲ့ ၎င်းရဲ့ မွေးနေ့ဖြစ်တဲ့ မတ်လ ၁ ရက်နေ့ကို သျှမ်းလူငယ်နေ့ အဖြစ် တညီတညွတ်တည်း သဘောတူ ဆုံးဖြတ်သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။
Photo – ၂၀၁၇ ခုနှစ်မှာ ကျင်းပတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ်များ ညီလာခံ ပုံရိပ်