သျှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ မိုင်းခုတ်မြို့ရဲ့ အရှေ့တောင်ဘက် ဝမ်လုံးကျေးရွာအနီးမှာ မူးယစ်ဆေးဝါးချက်လုပ်ရာနေရာနဲ့ မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကော်မရှင်က ထုတ်ပြန် ထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက် မွန်းလွဲ ၂ နာရီခန့်က စစ်ကော်မရှင်ရဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မူးယစ်သတင်းအရ နယ်မြေရှင်းလင်းရေး သွားရောက်လုပ်ဆောင်ရာ မိုင်းခုတ်မြို့ အရှေ့တောင်ဘက်၊ ဝမ်လုံးကျေးရွာရဲ့ တောင်ဘက် ၈ ကီလိုမီတာအကွာမှာ မူးယစ်ဆေးဝါးများနဲ့ မူးယစ် ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

သိမ်းဆည်းရမိတဲ့ ဆက်စပ်ပစ္စည်းတွေဟာ Promethazine တံဆိပ်ပါ ချောင်းဆိုးပျောက်ဆေးရည် ၁၀၀ ဘူး (၅၀ ဘူးစီပါ ၂ ဖာ)၊ Food Colour တံဆိပ်ပါ အပြာရောင်ဆေးဘူးအကြီး ၁၈ ဘူးနှင့် ဘူးအသေး ၄၁ ဘူး၊ စိစစ်ဆဲ ဆေးရည်ပုလင်းအသေး ၅၀၀ လုံး၊ မျောက်ခေါင်းတံဆိပ်ပါ အနံ့ဆေးရည် ၁၅ ဖာ၊ စိစစ်ဆဲ အဖြူရောင်အမှုန့် ဆာလာအိတ် တစ်ဝက်ခန့်စီပါ ၆ အိတ် တို့ဖြစ်ပါတယ်။

ဒါ့အပြင် ဘိန်းမည်း ၃ ထုတ်၊ ဘိန်းဖြူဘလောက်တုံး ၁ တုံး၊ စိစစ်ဆဲ အနက်ရောင်အထုတ် ၁ ထုတ်၊ အဖြူရောင်ပုံဆောင်ခဲ ၁ ကီလိုဂရမ်စီပါ ၉ ထုတ်၊ WY ဆေးပြား ၆၀၀၀ ပြားခန့်ပါ ၁၂ စည်း၊ ၉၉၉ တံဆိပ်ပါ WY ဆေးပြား ၁၀၀၀၀ ခန့်ပါ ၁၀ စည်း၊ ထုတ်ပိုးရခြင်းမရှိသေးတဲ့ WY ဆေးပြား ဆာလာအိတ် တစ်ဝက်ခန့်စီပါ ၁၂ အိတ်၊ WY ဆာလာအိတ် တစ်ဝက်ခန့်စီထည့်ထားတဲ့ ဆေးပြားထုတ်လုပ်ရာမှာ အသုံးပြုတယ်လို့ ယူဆရတဲ့ ဆေးမှုန့် ၁၂ အိတ်၊ ရိုက်တံမို ၂ ဖာနဲ့ ဆက်စပ်ပစ္စည်းများ ထည့်သွင်းထားတဲ့ အပြာရောင်ဘူးကြီး ၁၄ ဘူး၊ ကီလိုချိန်စက် ၃ လုံး၊ မီးစက်အကြီး ၁ လုံး၊ မွှေစက်အသေး ၃ လုံးနဲ့ အခြောက်ခံ ဗန်းဆိုဒ်စုံ ၃၂ ခု တို့ တွေ့ရှိသိမ်းဆည်း ရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးချက်လုပ်တဲ့နေရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေကို ပညာရှင်တွေပါဝင် တဲ့ ပူးပေါင်းအဖွဲ့တွေနဲ့ အသေးစိတ်စစ်ဆေးပြီး သက်ဆိုင်ရာသို့ လွှဲပြောင်းအပ်နှံတာ၊ မီးရှို့ဖျက်ဆီးတာ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး ပါဝင်ပါတ်သက်သူတွေကို စနစ်တကျစိစစ်ဖော်ထုတ်ကာ ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ထားပါတယ်။
