သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA မှ ဦးဆောင်ပြီး သျှမ်းပြည်အမျိုးသားရေး ညီလာခံ ကြိုတင်ပြင်ဆင်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို သျှမ်းပြည်တောင်ပိုင်း၊ မိုင်းပန်မြို့နယ်၊ နားမွန်အုပ်စု၊ နားဆာလေးကျေးရွာတွင် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ နေ့ကနေ ၂၇ နေ့အထိ ၅ ရက်ကြာ ကျင်းပခဲ့ကြောင်း သိရသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြတဲ့ မြို့နယ်/ရပ်ကွက်/ကျေးရွာ ကိုယ်စားလှယ်များအား အလုပ်ရုံဆွေးနွေးပွဲ၏ ရည်မှန်းချက်နှင့်ပန်းတိုင်ကို ကွဲကွဲပြားပြားနားလည် သိရှိကြရန်၊ စည်းစည်းလုံးလုံးဖြင့် တစ်သွေးတစ်သားတည်းဖြစ်စေရန်၊ အလုပ်ရုံဆွေးနွေးပွဲနှင့်ပတ် သက်ပြီး မရှင်းလင်းပါက မေးခွန်းများ ချက်ချင်းမေးမြန်းရန်၊ သျှမ်းပြည်အမျိုးသားညီလာခံ အတွက် ကြိုတင်ပြင်ဆင်ရေး အလုပ်ရုံဆွေးနွေးပွဲ၏ အဓိကရည်မှန်းချက်နှင့် ပန်းတိုင်တွေကို မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ရပ်မိရပ်ဖများဆီ တိုက်တွန်း ရှင်းလင်းပြနိုင်မှသာ မိမိတို့ လိုချင်တဲ့ဆုံးဖြတ်ချက်ဟာ တိကျမှန်ကန်ပြီး အောင်မြင်တဲ့ ဆုံးဖြတ်ချက်တစ်ခု ရရှိနိုင်မှာဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ယွက်စစ်က အဖွင့်အမှာစကားပြောခဲ့သည်။

ထို့နောက် RCSS ဥက္ကဋ္ဌ၏ (PA) ဖြစ်သူ စိုင်းစိုင်းငင်း မှ အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ (၁) သျှမ်းပြည်အမျိုးသားညီလာခံ၏ လုပ်ငန်းစဉ်နှင့် ရည်မှန်းချက်၊ (၂)ဖက်ဒရယ်စနစ်၊ (၃) သျှမ်းပြည်ဖဒရယ်မူ ၃၃ ချက်၊ (၄) ပြည်သူ့ကိုယ်စားလှယ်ရွေးချယ်ခြင်းကဏ္ဍ၊ (၅) လွှတ်တော်အခန်းကဏ္ဍ၊ (၆)အခြေခံဥပဒေ တို့ကို ရှင်းလင်တင်ပြခဲ့ကြောင်း သိရသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ အလုပ်အမှုဆောင် (CEC)၊ ဗဟိုအလုပ်အမှုဆောင် (CLC)၊ ဗဟိုကော်မတီဝင် (CC,PA) နှင့် ပြည်တွင်း/ပြည်ပမှ သံဃာတော်ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ပြည်သူ့ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ သျှမ်းလူငယ်အဖွဲ့အစည်းနှင့် သျှမ်းအမျိုးသားရေးရာ အဖွဲ့အစည်းများ စုစုပေါင်း ၉၃ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
သျှမ်းပြည်အမျိုးသားညီလာခံ ပြုလုပ်ဖို့အတွက် ကြိုတင်ပြင်ဆင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ လုပ်ဆောင်ရခြင်းမှာ သျှမ်းလူမျိုးစု တစ်ခုထဲအတွက်တင် မဟုတ်ဘဲ သျှမ်းပြည်နယ်အတွင်း အတူယှဉ်တွဲနေထိုင်ကြတဲ့ ဌာနေတိုင်းရင်းသူ၊ တိုင်းရင်းသားများ၏ အမျိုးသားရေးအစည်းအဝေးကြီး ဖြစ်မြှောက်လာဖို့ လုပ်ဆောင်ရခြင်းသာ ဖြစ်ကြောင်း သိရသည်။
News Source & Photos:Taifreedom