သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ကုန်းသာရွာနှင့် စလောင်းကျေးရွာကြား သီပေါ-လားရှိုး လမ်းမကြီး၌ ယမန်နေ့ (၂၉.၄.၂၀၂၃) ရက်နေ့ နံနက် (၁၁) နာရီဝန်းကျင်တွင် (၆)ဘီးကားနှင့် ဆိုင်ကယ်တိုက်မှုဖြစ်ပွားခဲ့သည်။
အဆိုပါမတော်တဆမှုကြောင့် ဆိုင်ကယ်စီးသူအမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ကားသမားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။
အလားတူ ယနေ့ (၃၀.၄.၂၀၂၃) ရက်နေ့ မွန်းလွဲ (၂) နာရီဝန်းကျင်ခန့်၌လည်း သီပေါမြို့နယ် ကုံးမုံရွာနှင့် နမ့်အွန်ရွာကြား ကုန်းဆင်းတွင် ကားတစ်စီးလမ်းချော်ပြီး လမ်းဘေးထိုးကျခဲ့ကြောင်း သိရသည်။
ယနေ့ မွန်းလွဲပိုင်း၌ မိုးအနည်းငယ်ရွာသွန်းမှုကြောင့် လမ်းချော်ခြင်းဖြစ်ပြီး ကားပေါ်လိုက်ပါစီးနင်းလာသူ (၁၀)ဦး ဒဏ်ရာရရှိခဲ့သည်။
ဒဏ်ရာရရှိသူများကို နယ်စည်းမခြား ပရဟိတအသင်းနှင့် သီပေါလူငယ် အသင်းတို့မှ ကား(၃)စီးဖြင့် သီပေါဆေးရုံအရေးပေါ်ဌာနသို့ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။
