သျှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နယ်အတွင်းမှာ ကျားဖြန့်အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်း လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၂၅ ဦးအား လုပ်ငန်းသုံး ဆက်စပ်ပစ္စည်းများနဲ့အတူ ဖမ်းဆီးရမိခဲ့တယ် လို့ စစ်ကော်မရှင်က ယမန်နေ့က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ ၂၂ ရက် နေ့လည်ပိုင်းက လဲချားမြို့နယ်၊ ဝမ်ပန်အုပ်စု၊ နောင်လုံကျေးရွာရဲ့ အနောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာမှာ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၂၀ ဦးနဲ့အတူ လူနေ အဆောက်အအုံ ၁ လုံး၊ အလုပ်ရုံ ၁ လုံး၊ ထမင်းစားဆောင် ၁ လုံး၊ Star Link ဗန်း ၂ ခုနဲ့ ဆက်စပ်ပစ္စည်း များ တွေ့ရှိဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ အဲ့နေ့ ညနေပိုင်းအချိန်မှာ လုံခြုံရေးတပ်ဖွဲ့တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေဟာ နယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင်ပြီး လဲချားမြို့နယ်၊ တပ်မောက်ကျေးရွာရဲ့ အနောက်ဘက် မီတာ ၂၅၀၀ ခန့်အကွာမှာ ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်သူ နောက်ထပ် တရုတ်နိုင်ငံသား ၅ ဦးအား ထပ်မံဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဖမ်းဆီးရမိတဲ့သူတွေဟာ တရုတ်နိုင်ငံမှာ ပန်းရံ၊ ယာဥ်မောင်း စတဲ့လုပ်ငန်း လုပ်ကိုင်သူတွေဖြစ်ကြပြီး ငွေကြေးအခက်အခဲကြောင့် We Chat ကနေတဆင့် အလုပ်အကိုင်ရှာဖွေကြပြီး တရုတ်နိုင်ငံ၊ ဆစ်ဆောင်ပန်းနားမြို့မှ မြန်မာနိုင်ငံ၊ “ဝ”ဒေသ၊ ပန်ဆန်းမြို့ သို့ တရားမဝင် ဝင်ရောက်လာပြီး အဲ့မှ တဆင့် မိုင်းရယ်၊ လဲချားမြို့နယ်ရှိ အွန်းလိုင်းလိမ်လည် လောင်းကစားလုပ်ငန်းတွေမှာ လုပ်ကိုင်ခဲ့ကြရ တယ်လို့ ဆိုပါတယ်။
ယခု စစ်ကော်မရှင် ဖမ်းဆီးရတဲ့ လဲချားမြို့နယ်၊ နောင်လုံကျေးရွာအနီးက ကျားဖြန့်လုပ်ငန်းမှာ အလုပ်လုပ်ကိုင်ဖို့ တရားမဝင် ရောက်ရှိလာတာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကဖြစ်ပြီး ကျားဖြန့်လုပ် ငန်းလုပ်ကိုင်သူ ၆၀ ဦးခန့်ရှိပြီး သူတို့ကို အစိမ်းရောင် ယူနီဖောင်းဝတ်ဆင်ထားတဲ့ သျှမ်းလက်နက်ကိုင် အဖွဲ့မှ အစောင့် ၇ ဦးက စောင့်ကြပ်ထားတယ်လို့ ဖမ်းဆီးရမိသူရဲ့ ပြောကြားချက်ကို ကိုးကားပြီး စစ်ကော်မရှင် က ထုတ်ပြန်ထားပါတယ်။
အဲ့နေရာမှာ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူ ၆၀ ဦးခန့်ကို မော်တော်ယာဥ် ၃ စီးနဲ့ လက်နက် ကိုင်ဆောင် ထားတဲ့အဖွဲ့က ကားတင်ထွက်ခွာသွားပြီး ယခုစစ်ကော်မရှင် ဖမ်းဆီးရမိတဲ့နေရာမှာ သီးသန့်စီခွဲပြီး ချထားတဲ့နေရာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်ကလည်း သျှမ်းမြောက်ရှိ မိုင်းရယ်မြို့နယ်ထဲမှာ ကျားဖြန့်လုပ်ငန်း လုပ်ကိုင် တဲ့ တရုတ်နိုင်ငံသား ၃၃၀ ဦးနဲ့အတူ ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။