သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ | ထိုင်းနိုင်ငံ ရာမ ၂ လမ်းမှာ ဆောက်လုပ်ရေးကရိန်း ပြိုကျမှု ထပ်မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံး | အေးသာယာ တွင် ဓါတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား | KK Park နေရာကိုအပြီးပြတ်ရှင်းလင်းမယ်လို့ စစ်ခေါင်း ဆောင်ပြော | ထိုင်းတော်ဝင် မိဖုရားကြီး Queen Sirikit အသက် ၉၃ နှစ်အရွယ်တွင် နတ်ရွာစံသွားခဲ့ပြီ

သီပေါမြို့အား စစ်ကောင်စီတပ်က လေယာဉ်ဖြင့်‌ နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေပြီး သီပေါ-မန္တလေးကားခ တစ်ဦး (၇) သိန်းကျပ်အထိ ပေးနေရသောကြောင့် မြို့တွင်းပိတ်မိနေသူများ အခက်တွေ့

သီပေါမြို့အား စစ်ကောင်စီတပ်က လေယာဉ်ဖြင့်‌ နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေပြီး သီပေါ-မန္တလေးကားခ တစ်ဦး (၇) သိန်းကျပ်အထိ ပေးနေရသောကြောင့် မြို့တွင်းပိတ်မိနေသူများ အခက်တွေ့

Hsan Loi Editor
31/08/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့မကျရေး စစ်ကောင်စီတပ်ဘက်က နေ့စဉ် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။ ယခုတစ်ပတ်အတွင်း စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ်များ ထိခိုက်ပျက်စီးခဲ့ရသလို ဒေသခံပြည်သူ (၄)ဦး သေဆုံးခဲ့ပြီဖြစ်သည်။

 

သီပေါမြို့ရှိ စစ်ကောင်စီတပ်စခန်းများအား TNLA နှင့် ပူးပေါင်းတပ်က ထိုးစစ်ဆင်နေပြီး စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းပစ်ကူဖြင့် ပြန်လည်တိုက်ခိုက်နေသလို လေကြောင်းမှတဆင့် ရိက္ခာများ ပစ်ချပေးနေသည်ဟုဆိုသည်။

 

“သီပေါမြို့ထဲမှာတော့ TNLA နဲ့ PDF တွေရောက်နေကြပေမယ့် စစ်တပ်ရဲ့ တပ်စခန်းတွေကို အခုထိ မသိမ်းနိုင်ကြသေးဘူး။ စစ်တပ်ဘက်ကနေလည်း နေ့တိုင်း လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေလို့ လူထုအိမ်တွေ တော်တော်ထိထားတယ်။ မြို့တွင်းပိတ်မိနေတဲ့ လူတွေအများကြီးကျန်နေသေးတယ်။ မနေ့ကတော့ ကျနော်တို့အိမ်နားလေးပဲ လေယာဉ်နဲ့ဗုံးလာကြဲသွားတယ် လူတော့မထိပါဘူး။ တစ်နေရာတည်းကို ၂ ခါမကြဲလောက်ဘူးထင်လို့ အိမ်မှာပဲ ဆက်နေနေကြပါသေးတယ်။”ဟု သီပေါမြို့တွင်း ပိတ်မိနေသော ဒေသခံတစ်ဦးက ပြောသည်။

 

လားရှိုး-နောင်ချိုလမ်းကို တော်လှန်ရေးအင်အားစုများက လမ်းပြန်ဖွင့်ပေးနေပြီဖြစ်သော်လည်း ယခုအချိန် သီပေါ-မန္တလေးကားခ အဆမတန်များပြားနေသောကြောင့် ထွက်ပြေးတိမ်းရှောင်ရန်ပင် ခက်ခဲကြောင်း သိရသည်။

 

“သီပေါ-မန္တလေးသွားမယ်ဆိုရင် လူတစ်ယောက်အတွက်ကို (၇) သိန်းအထိပေးရတယ်။ ဆီဈေးတက်တာက တစ်ဖက် တိုက်ပွဲဖြစ်နေတာကတစ်ဖက်ကြောင့်မို့လို့ ကားခတွေလည်း ဈေးအရမ်းကြီးတယ်ဗျ။ ဒီအချိန်မှာ မိသားစုလိုက် ထွက်ပြေးဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်တော့မလဲ ပြီးတော့ ထွက်ပြေးပြီးရင်လည်း စားဝတ်နေရေးအတွက်က အခက်အခဲရှိဦးမှာဆိုတော့ ဘယ်မှမပြေးတော့ပါဘူး။ ဒီမှာလည်း ဆီတစ်ပုံးကို ၂ သိန်းခွဲ၊ ဆန်တစ်အိတ်ကို ၂ သိန်း ပေးပြီး ဝယ်နေရတယ်။”ဟု နောက်ထပ်ဒေသခံတစ်ဦးက ပြောပြသည်။

 

သီပေါမြို့ကို TNLA ဘက်က သိမ်းပိုက်နိုင်ခြင်းမရှိသေးသော်လည်း ညဘက်မထွက်ရအမိန့်နှင့် စစ်အုပ်ချုပ်ရေးကြေညာထားသော မြို့ဖြစ်သည်။