သျှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါနဲ့မိုင်းရယ်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည် လောင်းကစားမှု ပြုလုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေနဲ့ မူးယစ်ဆေးဝါးချက်လုပ်တဲ့နေရာ ၁၀ နေရာနဲ့ တရားခံ ၆ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကော်မရှင်က ယမန်နေ့က ထုတ်ပြန်ထားပါတယ်။
သီပေါမြို့နယ်၊ နမ့်လန်ဒေသအတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ ပူးပေါင်းအဖွဲ့ဝင်တွေက ဇန်နဝါရီလ ၈ ရက် ညပိုင်းအချိန် နားလင်းကျေးရွာအနီးမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အဲ့ဒီလက်နက်ကိုင်အဖွဲ့က ထွက်ပြေးဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။

ဆုတ်ခွာသွားတဲ့ အမည်မသိလက်နက်ကိုင်အဖွဲ့ကို လိုက် လံ ရှင်းလင်းစဥ် သီပေါမြို့နယ်၊ နားလင်း ကျေးရွာရဲ့ အနောက်မြောက်ဘက်မီတာ ၉၀၀၀ ခန့်အကွာရှိ အွန်လိုင်းလိမ်လည် လောင်းကစားမှု လုပ်ငန်းများ လုပ်ကိုင်ခဲ့တဲ့ သွပ်မိုးသွပ်ကာ လူနေအဆောက်အအုံ ၂ လုံးအတွင်းမှ ကွန်ပျူတာ (Laptop) ၁၈ လုံး၊ ကွန်ပျူတာ (Desktop) ၃၅ လုံး၊ ဖုန်းမျိုးစုံ ၁၁ လုံး၊ Star Link ၅ လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနေရာရဲ့ အရှေ့ဘက် မီတာ ၈၀၀ အကွာမှာ မူးယစ်ဆေးဝါးချက်လုပ်တဲ့ နေရာတစ်ခု တွေ့ရှိပြီး မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆေးပြားရိုက်စက် ၂ လုံး၊ ဆေးမွှေစက် ၁ လုံး၊ ဆေးပြားရေတွက်စက် ၁ လုံး၊ အိုက်စ် ၂ ကီလိုဂရမ်နဲ့ ဆက်စပ်ပစ္စည်းများနဲ့အတူ မော်တော်ယာဉ် ၁ စီး၊ မီးစက် ၂ လုံး၊ ဘက်ဟိုး ၁ စီး၊ SSA တံဆိပ်ပါ အစိမ်းရောင် ယူနီဖောင်း ၁ စုံ၊ အပွင့် ၂ ပွင့်ပါ ပုခုံးတံဆိပ် ၁ စုံ၊ SSA တံဆိပ်ပါအစိမ်းရောင် ဦးထုပ် ၁ လုံး၊ အဆောက်အအုံများနဲ့ ဆက်စပ်ပစ္စည်းများကို ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် နောက်ထပ် မူးယစ်ဆေးဝါးချက်လုပ်တဲ့ နေရာ ၇ နေရာကိုလည်း ရောက်ရှိရှင်းလင်းခဲ့ပြီး မူးယစ်ဆေး ဝါးချက်လုပ်တဲ့ တဲနဲ့ ဆက်စပ်ပစ္စည်းထားတဲ့ ဂိုဒေါင် ၃၃ လုံးအား တွေ့ရှိရပြီး မူးယစ် ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ ဂတ်စ်အိုးမျိုးစုံ ၄၄၃ လုံး၊ ဖိုင်ဘာပေပါ ၁၃၁၂ လုံး၊ သံပေပါ ၃၃၆ လုံးနဲ့ မူးယစ်ဆေးချက်လုပ်တဲ့နေရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိပြီး ကျန်ရှိတဲ့ ပစ္စည်းတွေကို ဆက်လက်စီစစ်ဖော်ထုတ် ဆဲဖြစ်တယ်လို့ သိရပါတယ်။
သီပေါမြို့နယ်အတွင်း တရားမဝင်လုပ်ငန်းတွေနဲ့ ပတ်သက်မှုမရှိဘူးလို့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့ငြင်းဆိုထားပြီး SSPP အနေနဲ့ တရားမဝင်လုပ်ငန်းတွေ မရှိစေရေးအတွက် တားမြစ်ကြေညာချက်များ အကြိမ်ကြိမ်ထုတ်ပြန်ခဲ့ပြီး ဖြစ်သလို တရားမဝင်လုပ်ငန်းနဲ့ ပါဝင်ပတ်သက်သူတွေကိုလည်း စိစစ်အရေးယူသွားမယ်လို့ ပြောဆို ထားပါတယ်။