သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့တွင်းသို့ ယမန်နေ့ ညနေပိုင်းအချိန်က စစ်တပ် ဝင်ရောက်ပြီး နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေတယ်လို့ စစ်တပ်က ထုတ်ပြန်ထားပါတယ်။

TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့နဲ့ ၎င်းဒေသတစ်ဝိုက်အား စစ်တပ်က ပြန်လည်သိမ်းပိုက် ရရှိရေးတွက် ဆက်လက်ထိုးစစ်ဆင်ပြီး သီပေါမြို့အဝင် တိုးဂိတ်သို့ရောက်ရှိစဥ် TNLA တပ်ဖွဲ့မှ မြို့တွင်းရှိ အကျဥ်းဦးစီးဌာန၊ ထွေအုပ်ရုံး၊ မြေစာရင်းရုံး၊ သီပေါဟိုတယ် အပါအဝင် အခြားဌာနဆိုင်ရာ အဆောက် အအုံနဲ့ ပြည်သူနေအိမ်များ မီးရှို့ထွက်ပြေးသွားတယ်လို့ စစ်တပ်က ထုတ်ပြန်ထားပါတယ်။
TNLA တပ်ဖွဲ့တွေအနေနဲ့ နမ္မတူဘက်သို့ ဆုတ်ခွာသွားတယ်လို့ သိရပြီး ယနေ့နံနက်ပိုင်းမှာ သီပေါမြို့ထဲသို့ ဝင်ရောက်လာတဲ့ စစ်တပ် စစ်ကြောင်းကို ကြိုဆိုနေတဲ့ ဗီဒီယိုဖိုင်ကို စစ်တပ်ထောက်ခံ တယ်လီဂရမ်ချန်နယ်မှာ ဖော်ပြနေကြပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်က ကျောက်မဲမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်ပိုင်း သီပေါမြို့ကို ဆက်လက်ထိုးစစ်ဆင်ကာ ၁၅ ရက်အကြာမှာ သီပေါမြို့ကို စစ်တပ်က ပြန်လည်သိမ်းယူနိုင် ခဲ့တာပဲဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်းက TNLA ထိန်းချုပ်ထားတဲ့ မြို့ ၁၂ မြို့ထဲမှ နောင်ချို၊ ကျောက်မဲ နဲ့ သီပေါ ကို ပြန်လည်လက်လွတ်ရပြီး နမ့်ဆန်၊ မိုးကုတ်၊ နမ္မတူနဲ့ မိုးမိတ် တို့ကို စစ်တပ်က လေကြောင်းနဲ့ ဆက်လက်ဗုံးကြဲတိုက်ခိုက်နေတာပဲဖြစ်ပါတယ်။