လားရှိူးမြို့ပေါ်မှာ ယမန်နေ့ နိုဝင်ဘာ ၂၄ ရက်ည ၁၁နာရီ ခန့်က သေနတ်ပစ်ခတ်သံတွေ ဆက်တိုက် ထွက်ပေါ်လာတာကြောင့် ဒေသခံတွေ ထိတ်လန့်ခဲ့ကြတယ်လို့ သိရပါတယ်။
” စစ်တပ်က မသင်္ကာတာတွေ့လို့ ပစ်တာဆိုပြီး ပြောနေကြတာပဲ၊ ရပ်ကွက်(၁)ဘက်ကနေပစ်တာ။ ကြားတာတော့ အသံတော်တော်ကျယ်တယ် ၅မိနစ်လောက်အထိ ကြာတယ်လို့ “ လို့ လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။
MNDAAနဲ့ စစ်တပ် ဆက်ဆံရေတင်းမာနေစဉ် ယခုလို သေနတ်ပစ်ခတ်သံတွေကြောင့် နှစ်ဖက်တပ်တွေ ထပ်မံစစ်ရေး စတင်လာမှာကို ဒေသခံတွေစိုးရိမ်နေ ကြတယ်လို့ ဆိုပါတယ်။
နိုဝင်ဘာလ ၁၁ ရက်နေ့က လားရှိုးမြိို့ပြင်မှာတပ်စွဲထားတဲ့ MNDAAတပ်တွေဆုတ်ပေးဖို့ စစ်ကောင်စီရဲ့အမှတ် (၅) စစ်ဆင်ရေးအထူးအဖွဲ့မှုး ဒုဗိုလ်ချုပ်ကြီးကိုကိုဦးကိုယ်တိုင် လားရှိုးမြို့အထိလာရောက်တောင်းဆိုပေမယ့် ငြင်းပယ်ခံရပြီး ဆွေးနွေးမှုပျက်ခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်း နှစ်ဖက်တပ် တင်းမာမှုတွေဖြစ်ပြီး စစ်ကောင်စီက ကင်းထောက် လေယာဉ်တချို့ပျံသလို MNDAAကလည်း အင်အားတိုးချထားတယ်လို့ ဒေသတွင်း သတင်းမြစ်တွေ ကပြောပါတယ်။
” မြို့ပြင်မှာက တစ်တပ် ၊ မြို့ထဲမှာက တစ်တပ်နဲ့ ဘယ်နေ့ပစ်ကြဦးမလဲမသိဘူး လားရှိုးကိုသာပြန်နေရတာ ဘယ်တော့ပြန်ပြေးရဦးမလဲ ဆိုတဲ့ စိတ်မလုံခြုံမှုတွေကတော့ လူတိုင်းမှာရှိတာပေါ့ ” လို့ မြို့ခံတစ်ဦးကဆိုပါတယ် ။
တရုတ်အစိုးကြားဝင်မှုကြောင့် လားရှိုးကို ၂၀၂၅ ဧပြီလမှာ MNDAA က စစ်ကောင်စီကို ပြန်လွှဲပေးခဲ့ရတဲ့ ၈ လ အတွင်း ပစ်ခတ်သံရှားရှားပါးပါးပြန်ကြားရတာဖြစ်ပါတယ်။