သျှမ်းပြည်နယ်မြောက်ပိုင်းရှိ MNDAA နှင့် တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားသော လားရှိုးမြို့အား ယနေ့ နံနက် (၁၀ နာရီ ၅၀ မိနစ်ခန့်) တွင် စစ်ကောင်စီတပ်ဘက်က လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ကြောင်း သိရသည်။ လားရှိုးမြို့ရှိ ကွန်ပျူတာတက္ကသိုလ်အား စစ်ကောင်စီဘက်က လေယာဉ်ဖြင့် ဗုံး (၃) လုံး ကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကွန်ပျူတာတက္ကသိုလ်အတွင်းရှိ အဆောက်အအုံများ ထိခိုက်ပျက်စီးပြီး လူထိခိုက်သေဆုံးမှုမရှိပါ။
ယမန်နေ့ နံနက်အစောပိုင်းကလည်း လားရှိုးမြို့ ရပ်ကွက်(၈) နှင့် ရပ်ကွက်(၅) ရှိ တရုတ်ဘုံကျောင်းအား စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ၂ ရက်ဆက်တိုက် လားရှိုးမြို့အား ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။
