သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် သင်္ကြန်ကာလပြီးနောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက စမတ်ကဒ်များ စတင်ပြုလုပ်ပေးလျက်ရှိသည်။
စမတ်ကဒ်(Unique Identification Number) အား တစ်ရက်လျှင် လူဦးရေ (၂၅၀) ဦး ပြုလုပ်ပေးမည်ဖြစ်သည်။
စမတ်ကဒ်မပြုလုပ်ထားပါက ခရီးသွားလာလျှင် အခက်အခဲဖြစ်ပေါ်မည်ဟူသော ကောလာဟလကြောင့် လားရှိုးမြို့တွင်လည်း နေ့စဉ်နှင့်အမျှ အလုအယက်ပြုလုပ်နေသည်။
“ မှတ်ပုံတင်ရှိပြီးသားကို စမတ်ကဒ်ထပ်လုပ်ခိုင်းတယ်ဆိုတော့ တစ်ခုခုပဲပေါ့။ ဒါပေမယ့် ဒီကဒ်မလုပ်ပြန်ရင်လည်း လမ်းခရီးအစစ်အဆေးတွေမှာ အခက်အခဲဖြစ်နိုင်တယ်ဆိုတော့ သွားကြရတာပေါ့။ လားရှိုးလိုမြို့မှာ လူဦးရေက သိန်းဂဏန်းရှိတာကို တစ်ရက်ကို (၂၅၀) ဦးဆိုတော့ တစ်နှစ်ပတ်လုံး လုပ်ပေးတောင်ပြီးမှာမဟုတ်ဘူး။ အခုဆိုရင် စမတ်ကဒ်လုပ်ပေးတဲ့ ပွဲစားတွေတောင်ရှိနေပြီ။” ဟု လားရှိုးမြို့ခံတစ်ဦးက ပြောသည်။
စမတ်ကဒ်ကို စစ်ကောင်စီ၏ ညွှန်ကြားချက်ဖြင့် လဝကတွင် ပြုလုပ်ပေးနေခြင်းဖြစ်ကာ စမတ်ကဒ်မပြုလုပ်ထားပါက နယ်စပ်ဖြတ်ခွင့်စာအုပ်များ ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
