မိုးကုတ်မြို့နယ်၏ လက်ရှိ စစ်ရေးအခြေအနေ စစ်ကော်မရှင်အား ပြန်လည်ခုခံ တိုက်ခိုက်တွန်းလှန်ရန်အတွက် မိုးကုတ်မြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်ဟောင်း များကို မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ MGK PDO နဲ့ မိုးကုတ်ဗျုဟာတို့က ပြန်လည်ခေါ်ယူနေတယ်လို့ သိရပါတယ်။
လက်ရှိ မိုးကုတ်မြို့ရဲ့ စစ်ရေးအကြပ်အတည်းနဲ့ ကြုံတွေ့နေရတဲ့အချိန်မှာ အတူတူလက်တွဲပြီး ရုန်းကန်ကြနိုင်ဖို့ MGK PDO က ယမန်နေ့က တိုက်တွန်းထားပါတယ်။

မိုးကုတ်မြို့ ကာကွယ်ရေးနဲ့ တော်လှန်ရေးတာဝန်များ ပြန်လည်ထမ်းဆောင်ရန် တပ်ဖွဲ့နဲ့ ကင်းကွာနေတဲ့ တပ်ဖွဲ့ဝင်ဟောင်းများကို မိုးကုတ်ဗျူဟာ ကလည်း ပြန်လည်ဖိတ်ခေါ်ထားပြီး ၎င်းအနေဖြင့် MOD ရဲ့ တရားဝင်တပ်ဖွဲ့ ဖြစ်တဲ့အတွက် သက်ဆိုင်ရာ စည်းမျဥ်းစည်းကမ်းများ လိုက်နာရန် လိုအပ်တယ်လို့ မိုးကုတ်ဗျူဟာ က ယနေ့မှာ ထုတ်ပြန်ထားပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ကင်းကွာနေတဲ့ တပ်ဖွဲ့ဝင်များအနေနဲ့ ယနေ့မှ စပြီး တစ်ပတ်အတွင်း (၇ ရက်) ပြန်လည်တာဝန်ထမ်းဆောင်ဖို့ ချိတ်ဆက်လာပါက စည်းမျဥ်းစည်းကမ်းများအတိုင်း စိစစ် ဆုံးဖြတ်ကာ သက်ညှာထောက်ထားမှု မူဝါဒနဲ့အညီ စဥ်းစားပေးမယ်လို့ဆိုပါတယ်။
သတ်မှတ်ရက်ကျော်လွန်ပြီး ချိတ်ဆက်လာခြင်းမရှိတဲ့သူတွေကို တပ်ပြေးအဖြစ် ကြေငြာပြီး MOD ရဲ့ စစ်ဘက်ဆိုင်ရာ တပ်ပြေးမှု ဥပဒေအရ ပြစ်ဒဏ်ခံယူရမယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
တရုတ်ကြားဝင်စေ့စပ်မှုဖြင့် TNLA နဲ့ စစ်ကော်မရှင်တပ်တို့ အပစ်ရပ်ပြီး မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့ကို တအာင်း(ပလောင်)တပ် TNLA က ပြန်လည်ဆုတ်ခွာပေးမယ်လို့ အောက်တိုဘာလ ၂၉ ရက်က ကြေညာထားပါတယ်။
မိုးကုတ်အခြေပြုတော်လှန်ရေးအဖွဲ့များအနေနဲ့ကတော့ မည်သည့်အခက်အခဲများ ကြုံတွေ့ရသည်ဖြစ်စေ တော်လှန်ရေးအအောင်မြင်တဲ့အထိ စစ်ကော်မရှင် ကို ဆက်လက်ချီတက် တိုက်ပွဲဝင်သွားမယ်လို့ ပြောဆိုထားပါတယ်။