ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကို ဒီဇင်ဘာလ ၁၀ ရက်က ဗုံးကြဲတာနဲ့ ပတ်သက်ပြီး စစ်တပ်က ၎င်းနေရာကို AA က ခိုအောင်းအခြေပြုပြီး စစ်စခန်းအဖြစ်အသုံးပြုတာကြောင့် Counter Terrorism Operation အရ စစ်ဆင်ရေးလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

မြောက်ဦးဆေးရုံကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ တရားဝင်ပိတ်သိမ်းထားတာဖြစ်ပြီး အဲ့ဒီနေရာကို AA၊ ဒေသခံ PDF၊ BPLA နဲ့ အရှိုချင်းအဖွဲ့တွေက အခြေပြုထားတဲ့ စစ်စခန်းအဖြစ် အသုံးပြုနေတဲ့ အပြင် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ရန် AA ရဲ့ ယုံကြည်ရတဲ့ မိသားစုဝင်များကို တာဝန်ပေး စေခိုင်း ခဲ့တာကို သတင်းပေးပို့မှုအရ သိရတယ်လို့ ထုတ်ပြန်ထားပါတယ်။

လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားဖော်ပြနေတဲ့ ဓါတ်ပုံအထောက်အထားဖြစ်စဥ်မှာ သေဆုံးသူ တွေဟာ ပြည်သူများမဟုတ်ဘဲ AA၊ BPLA၊ ဒေသခံ PDFနဲ့ အရှိုချင်းများသာ ဖြစ်တယ်လို့ ဖော်ပြထားပြီး စစ်တပ်အနေနဲ့ လိုအပ်တဲ့ အကြမ်းဖက် ချေမှုန်းရေးစစ်ဆင်ရေးကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်တပ်ဗုံးကြဲတိုက်ခိုက်လိုက်တဲ့ မြောက်ဦးဆေးရုံမှာ အရပ်သားလူနာနဲ့ ဝန်ထမ်းအပါအဝင် သေဆုံးသူ ၃၄ ယောက်ရှိပြီး ၈၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ထံမှ သိရပါတယ်။

မြောက်ဦးဆေးရုံကို ဗုံးကြဲပြီး နောက်ရက်မှာ ကျောက်ဖြူမြို့နယ် ငလုံးစု ကျေးရွာကို ထပ်မံဗုံးကြဲ တိုက်ခိုက်ကာ အပစ်မဲ့ပြည်သူ ၈ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ AA ရဲ့ သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အလားတူဒီကနေ့ ဒီဇင်ဘာလ ၁၃ ရက် နံနက်အစောပိုင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ်နဲ ဂွမြို့နယ် တို့အား ဗုံးထပ်မံကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပြီး ထိခိုက်သေဆုံးမှုအသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ယခုလို စစ်တပ်က အရပ်သားပြည်သူကို ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်တာနဲ့ ပတ်သက်ပြီး အရပ်ဖက်အဖွဲ့အစည်းများက ကန့်ကွက်ရှုတ်ချသလို အရပ်သားများကို ထိခိုက်စေတဲ့ စစ်ဆင်ရေးများ ရပ်တန့်ရန်နဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေ နှင့် လူ့အခွင့်အရေးဥပဒေကို လိုက်နာရန် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး က စစ်တပ်အား တိုက်တွန်းထားပါတယ်။