သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ကျင်သီယာယီတံတားအား ယနေ့တွင် ဖြတ်သန်းခွင့်ပြုခဲ့ပြီဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ကျောက်မဲ-သီပေါလမ်းပိုင်းအား ကားငယ်များ သွားလာနိုင်တော့မည်ဖြစ်သည်။
“ ဒီနေ့မနက်ပိုင်းကပဲ အိမ်စီးကားတွေကို စပြီးပေးဖြတ်နေပြီ။ တံတားဖြတ်မယ့်ကားတွေကို အဖွဲ့အစည်းတွေကစောင့်ပြီး တစ်စီး(၂) သောင်းကျပ်ပေးပြီးဖြတ်ရတာပေါ့။ ဘာပဲဖြစ်ဖြစ် တံတားကနေဖြတ်လို့ရလို့ လမ်းခရီးအတွက်တော့ နည်းနည်းပြန်အဆင်ပြေလာတာပေါ့နော်။ တံတားဖြတ်ခကတော့ ဈေးနည်းနည်းများတာပေါ့။” ဟု တံတားဖြတ်သန်းခဲ့သော ကျောက်မဲဒေသခံတစ်ဦးက ပြောပြသည်။
ကျင်သီတံတား ပျက်စီးနေမှုကြောင့် သီပေါ-ကျောက်မဲလမ်းကို အသုံးပြုနိုင်ခဲ့ဘဲ ခရီးသည်တင်ယာဉ်ငယ်များအနေဖြင့် သီပေါ-နမ့်လန်-နောင်ချိုကနေတဆင့် ကျောက်မဲကိုပြန်လာပြီး ကားခတစ်ဦးလျှင် တစ်သိန်းနှစ်သောင်းအထိ ပေးနေရကြောင်း သိရသည်။