သျှမ်းပြည်မြို့တော် တောင်ကြီးမြို့မှာ ကျင်းပမယ့် ယခုနှစ်တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံ ပွဲတော်မှာ ညလွှတ်မီးပုံးပျံအရေအတွက်ဟာ အရင်နှစ်ကထက် အလုံးရေ ၂ ဆ ပိုများလာကြောင်း သိရသည်။

ပြီးခဲ့တဲ့နှစ်က ၂၂ ပေသာရှိတဲ့ ညလွှတ်မီးပုံးပျံ အလုံးသေးသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုထားပေမယ့် ဒီနှစ်မှာတော့ ၂၅ ပေရှိ ယမ်းပိဿာ ၄၀ နိုင်တဲ့ ညလွှတ်မီးပုံးပျံတွေပါ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုထားပြီး လက်ရှိ စာရင်းအရ ညမီးကြီးနှင့် စိန်နားပန် မီးပုံးပျံ အလုံးပေါင်း ၈၀ ခန့် ရှိနေပြီး ထပ်တိုးလာနိုင်တဲ့ မီးပုံးပျံ အလုံးရေတွေလည်း ရှိလာနိုင်တယ်လို့ မီးပုံးပျံအသင်းနဲ့ နီးစပ်သူတစ်ဦးထံမှ သိရသည်။
ယမန်နှစ်က ညလွှတ် ညမီးကြီးနှင့် စိန်နားပန် မီးပုံးပျံ စုစုပေါင်း ၄၇ လုံးသာ လွတ်တင်နိုင်ပြီး ယခုနှစ်မှာတော့ ညလွှတ်မီးပုံး အလုံး ၈၀ ခန့် ရှိနေပြီး ယခင်နှစ်ထက် ၂ ဆ ပိုများလာပါသည်။
အမှတ်စဉ်နှင့် နေ့အလိုက် လွှတ်တင်မည့် မီးပုံးပျံစာရင်းကိုတော့ ယမန်နေ့ အောက်တိုဘာလ ၁၀ ရက်နေ့တွင် မဲနှိုက်သတ်မှတ်ခဲ့ပြီး နေ့လွှတ်အရုပ် မီးပုံးပျံကိုလည်း လာမည့်အောက်တိုဘာလ ၁၇ ရက်နေ့မှာ တောင်ကြီးမြို့၊ ကန်ရှေ့ရပ်ကွက်ရုံးတွင် မဲနှိုက်သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Photo – Credit to original uploader
တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံပြိုင်ပွဲကို အဝေရာ မီးပုံးပျံကွင်းမှာ ယခုလ အောက်တိုဘာ ၂၉ ရက် နေ့မှ
နိုဝင်ဘာလ ၄ ရက်နေ့အထိ နေ့လွတ်အရုပ်ပြိုင်ပွဲ အရုပ်ခြေ ၂ချောင်း၊ အရုပ်ခြေ ၄ ချောင်း၊ အရုပ်အုပ်စုများ၊ ညမီးကြီး မီးပုံးပျံနဲ့ စိန်နားပန် မီးပုံးပျံပြိုင်ပွဲတို့ ကျင်းပသွားမည်ဖြစ်ပြီး မီးပုံးပျံဆုပေးပွဲ ကိုတော့ နိုဝင်ဘာလ ၅ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ကာ ပွဲတော်ကို ၈ ရက်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း သျှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များ အသင်းက ထုတ်ပြန်ထားကြောင်း သိရသည်။