သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်၌ ၂၀၂၃ ခုနှစ် ဇွန်လ (၂၁) ရက်နေ့ ည (၉) နာရီခန့်တွင် ငွေလဲပြီးပြန်လာသူအား ဓားပြများက သေနတ်ဖြင့်လိုက်လံပစ်ခတ်မှုကြောင့် ကျည်ထိမှန်ပြီး အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။ သေနတ်ဖြင့်ပစ်ခတ်ခံရသူသည် မူဆယ်မြို့နယ် ဟိုနားကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ကိုယ်ပိုင်ကားဖြင့် သမီးဖြစ်သူနှင့်အတူ ငွေလဲပြီး ပြန်လာစဉ် လမ်း၌ ဓားပြတိုက်ခံရခြင်းဖြစ်သည်။
ဓားပြများက သေနတ်ဖြင့်လိုက်လံပစ်ခတ်ရာမှ ၎င်း၏ပုခုံးကို ကျည်ထိမှန်ခဲ့ပြီး ကားကိုအရှိန်မထိန်းနိုင်တော့ဘဲ အနီးရှိ အုတ်တံတိုင်းကို တိုက်မိခဲ့သည်ဟုဆိုသည်။ ၎င်း၏ သမီးဖြစ်သူလည်း ကားတိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ကားရပ်သွားစဉ် ဓားပြများမှ ၎င်းကားပေါ်ရှိ အိတ်တစ်ခုကို အလောတကြီး လုယက်သွားခဲ့သော်လည်း ငွေထည့်ထားသော အိတ်ကို ယူဆောင်သွားခြင်းမဟုတ်ဘဲ အခြားအိတ်ကိုသာ ယူဆောင်သွားခြင်းကြောင့် လဲလှယ်လာသောငွေကိုတော့ ဆုံးရှုံးခဲ့ခြင်းမရှိကြောင်း သတင်းရရှိသည်။