တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းမှုဖြင့် အောက်တိုဘာလ ၂၇ နဲ့ ၂၈ ရက်က တရုတ်နိုင်ငံ ကူမင်းမြို့မှာ ကျင်းပတဲ့ စစ်တပ်နဲ့ TNLA တို့ ရဲ့ ၉ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲအပြီး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့တယ်လို့ TNLA က ယနေ့မွန်းလွဲပိုင်းမှာ ထုတ်ပြန်လာပါတယ်။

နှစ်ဖက်အပြန်အလှန် ဆွေးနွေးညှိနှိုင်း သဘောတူညီချက်အရ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်တို့မှ တအာင်းတပ်များ ပြန်လည်ဆုတ်ခွာမှာဖြစ်ပြီး တအာင်းဒေသကိုလညစစ်တပ်မှ လေယာဉ်ဗုံးကြဲခြင်း၊ ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများမပြုလုပ်ဘဲ နှစ်ဖက်တပ်များ ရောက်ရှိတဲ့နေရာမှာ ရပ်တန့်ပြီး အပစ်ရပ်မှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါ သဘောတူညီချက်ကို ယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့ (၀၀း၀၀)နာရီအချိန်မှ စတင်ပြီး အသက်ဝင်မှာဖြစ်တယ်လို့ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြကြောင်း ထုတ်ပြန်ထားပါတယ်။
တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်း ကြားဝင်စီစဥ်ပေးတဲ့ အဲ့ဒီဆွေးနွေးပွဲမှာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ စစ်ကောင်စီတပ်ဘက်မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တဲ့ NSPNC ကိုယ်စားလှယ်အဖွဲ့တို့က တွေ့ဆုံဆွေးနွေးပြီး အပစ်ရပ်စဲဖို့ သဘောတူညီချက် ရရှိတာဖြစ်တယ်လို့ သိရပါတယ်။