ဗင်နီဇွဲလားအာဏာရှင် နီကိုလပ်စ် မာဒူရို ထံမှ နိုင်ငံကို လွတ်မြောက်စေခဲ့တယ်လို့ဆိုကာ ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာချာဒို က ပြီးခဲ့တဲ့ရက်ပိုင်းက ဝါရှင်တန်မြို့တော် အိမ်ဖြူတော်မှာ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံစဉ် သူမရဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုကို ထရမ့်ထံ ပေးအပ်ခဲ့ပြီးနောက် နိုဘယ် ဖောင်ဒေးရှင်းက ဆုတစ်ခုကို လွှဲပြောင်းပေးအပ်တာ ထပ်မံဖြန့်ဝေတာတွေ မပြုနိုင်ဘူးလို့ ယမန်နေ့က ထုတ်ပြန်ချက် တစ်စောင်ထုတ်ပြန်ပြီး ငြင်းပယ်ထားပါတယ်။
“နိုဘယ်ဖောင်ဒေးရှင်းရဲ့ အဓိက ရည်ရွယ်ချက်မှာ နိုဘယ်ဆုများရဲ့ ဂုဏ်သိက္ခာနဲ့ ၎င်းတို့ရဲ့ စီမံအုပ်ချုပ်မှုကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်ပြီး အဲလ်ဖရတ်နိုဘယ်လ်ရဲ့ ဆန္ဒနဲ့ ၎င်းရဲ့ သတ်မှတ်ချက် တွေကို လိုက်နာပါတယ်၊ ဆုတွေကို ‘လူသားမျိုးနွယ်အတွက် အကြီးမားဆုံး အကျိုးပြုခဲ့သူများ’ ထံ ချီးမြှင့်ရမယ်လို့ ဖော်ပြထားပြီး ဆုတစ်ခုချင်းစီကို မည်သူက ချီးမြှင့်ခွင့်ရှိသည်ကိုလည်း သတ်မှတ် ထားပါတယ်” လို့ နိုဗယ်ဖောင်ဒေးရှင်းရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဗင်နီဇွဲလားခေါင်းဆောင်ကို ဖမ်းဆီးနိုင်ခဲ့တဲ့ ထရမ့်ရဲ့ လုပ်ဆောင်ချက်တွေကို မာချာဒိုက ချီးကျုးဂုဏ်ပြုတာကြောင့် သူ့ရဲ့ဆုကို ထရမ့် ထံ ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။
“ဗင်နီဇွဲလားမှ မာရီယာ ကိုရီနာ မာချာဒိုနဲ့ တွေ့ဆုံခွင့် ရခဲ့ရခြင်းဟာ ကျွန်ုပ်အတွက် အလွန်ဂုဏ်ယူစရာ ဖြစ်ပါတယ်၊ မာရီယာက ကျွန်ုပ်လုပ်ဆောင်ခဲ့တဲ့ အလုပ်များအတွက် သူမရဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုကို ကျွန်ုပ်ထံ ပေးအပ်ခဲ့ပါတယ်၊ အချင်းချင်း လေးစားမှု ပြသတဲ့၊ အလွန်လှပတဲ့ လုပ်ရပ်တစ်ခု ဖြစ်ပါတယ်” လို့ ထရမ့် က သူ့ရဲ့ Truth Social မှာ ရေးသားခဲ့ပါတယ်။
နိုဘယ်ဆုတစ်ခု ကြေညာပြီးတဲ့နောက် ရုပ်သိမ်းတာ၊ မျှဝေတာ သို့မဟုတ် အခြားသူများထံ လွှဲပြောင်းပေးအပ်တာ ခွင့်ပြုမထားဘဲ နိုဗယ်ငြိမ်းချမ်းရေးဆု ချီးမြင့်ခံရသူသာလျှင် အပြီးသတ်ဖြစ်ပြီး ထာဝရ တည်တံ့နေမှာ ဖြစ်တယ်လို့ နိုဗယ်ဖောင်ဒေးရှင်းရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
နိုဗယ်တံဆိပ်ပြားကို ရွှေအစစ် ၁၈ ကာရက်နဲ့ လုပ်ထားပြီး အလေးချိန် ၁၉၆ ဂရမ်၊ အချင်း ၆.၆ စင်တီမီတာ ရှိပါတယ်။ ၁၉၀၁ ခုနှစ်မှာ နော်ဝေပန်းချီဆရာ ဂူစတက် ဗီဂလန်ဒ် (Gustav Vigeland) မှ ဒီဇိုင်းဆွဲခဲ့တာဖြစ်ပြီး ရှေ့ဘက်မှာ အဲလ်ဖရတ် နိုဘယ်လ်ရဲ့ ပုံတူပန်းချီပါရှိကာ နောက်ဘက်မှာ လက်မောင်းချင်းတွဲထားတဲ့ အဝတ်မပါ အမျိုးသား သုံးဦး ပုံပါရှိပြီး ညီညွတ်မှုကို ကိုယ်စားပြုထားကာ လက်တင်စာသားဖြစ်တဲ့ “Pro pace et fraternitate gentium” “နိုင်ငံများ၏ ငြိမ်းချမ်းရေးနှင့် ညီညွတ်မှုအတွက်” လို့ အဓိပ္ပာယ်ရပါတယ်။