အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ငွေလိမ်လုပ်သားများ ကင်းစင်သွားပြီဖြစ်တဲ့ မြဝတီမြို့နယ်၊ မင်းလက်ပံရွာရှိ Shunda Park ငွေလိမ်ခြံဝင်းကို ကော်သူလေး တရားရေးစနစ်နဲ့အညီ ချိတ်ပိတ် သိမ်းလိုက်ပြီ ဖြစ်တယ်လို့ KNU က ဒီကနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။
အွန်လိုင်းငွေလိမ်လုပ်ငန်းများနဲ့ ဆက်စပ်တဲ့ ခြံဝင်းအတွင်းရှိ သက်သေခံရုပ်ဝတ္ထုပစ္စည်းများကို ဥပဒေအတိုင်းဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပြီး Shunda Park နေရာမှာ မည်သည့်ဒုစရိုက်လုပ်ငန်း အတွက်မဆို တိုက်ရိုက် (သို့)သွယ်ဝိုက်ပြီး ထပ်မံအသုံးပြုခြင်း လုံးဝမရှိစေရန် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

အဲ့ဒီနေရာကို ရာဇဝတ်လုပ်ငန်းအတွက် ပြန်လည်အသုံးပြုရန် ကြိုးပမ်းမှုမှန်သမျှကို ဆန့်ကျင်ပြီး ပြင်းထန်တဲ့ ပြစ်မှုနဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ချိတ်ပိတ်ထားတဲ့ ခြံဝင်းကို လုံခြုံရေးနဲ့ နိုင်ငံရေး တည်ငြိမ်မှုများ ရှိလာပါက ခေတ်မီနည်းပညာ၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ဥပဒေ၊ မှုခင်း၊ လုံခြုံရေးနှင့် မဟာဗျုဟာလေ့လာရေး စတဲ့ ဘာသာရပ်များကို သင်ကြားပေးနိုင်တဲ့ အဆင့်မြင့် ပညာရေး ပုရဝုဏ်တစ်ခုအဖြစ် ပြန်လည်အသုံးပြုရန် ရည်ရွယ်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
Shunda Park ငွေလိမ်ခြံဝင်းကို KNU အနေနဲ့ နိုဝင်ဘာလ ၂၁ ရက်က စပြီးရှင်းလင်းရာ ၃ ပတ်အကြာမှာ ၎င်းခြံဝင်းအတွင်း နှစ်အတန်ကြာ လည်ပတ်ခဲတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းများ အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပြီး ကွန်ပျုတာ၊ လက်ကိုင်ဖုန်း စတဲ့ နည်းပညာဆိုင်ရာ သက်သေခံပစ္စည်း မြောက်များစွာကို သက်ဆိုင်ရာအွန်လိုင်း ငွေလိမ်လုပ်ငန်း တိုက်ဖျက်ရေး အာဏာပိုင်များထံ လွှဲပြောင်း ပေးပြီးဖြစ်တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။