ကရင်ပြည်နယ်၊ ဘားအံခရိုင်အတွင်းရှိ KNU အုပ်ချုပ်နယ်မြေ တာကရယ်(ပိုင်ကျုံ)မြို့နယ်၊ ကာတဲကျေးရွာအနီးမှာ ဝင်ရောက်ကျူးကျော်တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ တညာကျိုး(ခ)တာလယ် ဗျုဟာစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်(KNDO)နဲ့ ပူးပေါင်းတပ်တို့က ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ကာတဲကျေးရွာအနီးမှာ စစ်ကောင်စီရဲ့ ခလရ ၂၄ နဲ့ အမြောက်တပ် အမတ ၃၁၁ တို့ အခြေစိုက်ထားတဲ့ တာလယ် ဗျုဟာစခန်းကို မေလ ၁၃ ရက် ည ၇ နာရီအချိန်က ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ် လို့ KNU က ယနေ့ မေလ ၁၅ ရက်မှာ ထုတ်ပြန်လာပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီအမြောက်တပ်မှ ဗိုလ်ကြီး(၁)ဉီးအပါအဝင် တပ်သား (၉)ဦး ကျဆုံးကာ ခလရ−၂၄ မှ ဒုတပ်ရင်းမှူး က ထွက်ပြေးလွတ်မြောက်နေပြီး KNU လက်အောက်ခံတပ် များအနေနဲ့ ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သားများကို လိုက်လံ ဖမ်းဆီးလျှက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
တာလယ်ဗျူဟာ စခန်းသိမ်းတိုက်ပွဲမှာ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိကြောင်း KNU ရဲ့ ထုတ်ပြန်ထားတဲ့ ဓါတ်ပုံများအရ သိရပါတယ်။