ယမန်နေ့ မတ်လ ၂၆ ရက် ညနေပိုင်းအချိန်က သျှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်းရှိ အုမ္မခါး၊ သုံးဆယ်နဲ့ ရွှေညောင်ပင်ကျေးရွာများကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ (၄)ဦး သေဆုံးခဲ့ပြီး (၄)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့သိရပါတယ်။
စစ်ကောင်စီက ဂျက်ဖိုက်တာ (၂)စီးနဲ့ ဗုံး(၅)ကြိမ် လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး သုံးဆယ်ကျေးရွာမှ အမျိုးသား (၂)ဦးနဲ့အမျိုးသမီး (၂)ဦး ပွဲချင်းပြီးသေဆုံးခဲ့သလို အုမ္မခါးကျေးရွာမှ ဒေသခံ(၄)ဦးလည်း ထိခိုက်ဒဏ်ရာရရှိကာ ကျေးရွာအတွင်းရှိ နေအိမ်အများအပြား ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ TNLA ရဲ့ သတင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့ကလည်း နောင်ချိုမြို့မှာ စစ်ရှောင်ပြည်သူ ခိုအောင်းနေတဲ့ စိန်ရတနာပရိယတ္တိစာသင်တိုက် ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ပြီး သံဃာတော် ၉ ပါး အပါအဝင် အနည်းဆုံး ၁၄ ဉီးသေဆုံးပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
