မြန်မာ−ထိုင်းနယ်စပ်၊ မြဝတီမြို့နယ်ရှိ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ KK Park ကို စစ်ကောင်စီက ဝင်ရောက်စီးနင်းပြီး ကျားဖြန့်လုပ်ငန်းရဲ့ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိတယ်လို့ စစ်ကောင်စီရဲ့ သတင်းဌာနက ယနေ့မှာ ထုတ်ပြန်ထားပါတယ်။

KK Park အတွင်း ဝင်ရောက်စီးနင်းစဥ် ထူးခြားလက္ခဏာ မတွေ့မရဘဲ တရားမဝင် ဆက်သွယ်မှုဆောင် ရွက်ရန် ရည်ရွယ်တပ်ဆင်ထားတဲ့ Star Link စလောင်း ၃၀ စုံနဲ့ ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိ ပြီး ဆောက်လုပ်ပြီး အဆောက်အအုံ တစ်ထပ်တိုက် ၁၀ လုံး၊ နှစ်ထပ်တိုက် ၁၀၀ လုံး၊ လေးထပ်တိုက် ၂၀ လုံး၊ ငါးထပ်တိုက် ၂ လုံး၊ တစ်ထပ်တိုက် စျေးဆိုင်ခန်း ၂၀ လုံး၊ နှစ်ထပ်တိုက် စျေးဆိုင်ခန်း ၃၀ လုံး၊ တစ်ထပ်တိုက် ဂိုထောင် ၁၅ လုံး၊ နှစ်ထပ်တိုက် ဂိုထောင် ၂၀ လုံး၊ လေးထပ်တိုက် ဂိုထောင် ၁၀ လုံး၊ ဆောက်လုပ်ဆဲ နှစ်ထပ်တိုက် ၂၁ လုံး၊ သုံးထပ်တိုက် ၁၀ လုံး၊ လေးထပ်တိုက် ၅ လုံး၊ ငါးထပ်တိုက် ၅ လုံးနဲ တစ်ထပ်တိုက် ဆေးပေးခန်း ၂ ခန်းတို့ တွေ့ခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

အဆိုပါ အဆောက်အအုံအတွင်းမှ အလုပ်သမား အမျိုးသား ၁၆၄၅ ဦး၊ အမျိုးသမီး ၄၅၅ ဦး၊ လုံခြုံရေး ကျား ၉၈ ဦး စုစုပေါင်း ၂၁၉၈ ဦးအား တွေ့ရှိရတယ်လို့ စစ်ကောင်စီက ပြောပါတယ်။
KK Park ဝန်းအတွင်းရှိ အဆောက်အအုံများ ဆောက်လုပ်ထားရှိမှု၊ မြေပိုင်ဆိုင်မှုများနဲ့ ပတ်သက်ပြီး တရားဝင် စာရွက်စာတမ်းများ မတွေ့ရှိသဖြင့် တာဝန်ရှိသူများကို ဆင့်ခေါ်ရာတွင်လည်း လာရောက် ခဲ့ခြင်းမရှိတဲ့အတွက် လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်က လေးကေ့ကော်မြို့သစ်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေတဲ့ KK Park ကိုလည်း တစ်ပြိုင်တည်း ဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ပြောဆိုထားပြီး လူပေါင်း ၂ ထောင်ကျော်တွေ့ရှိတယ်လို့ ထုတ်ပြန်ထားပေမယ့် ဖမ်းမိတဲ့ လူပုံတွေတော့ ဖော်ပြထားတာ မတွေ့ရပါဘူး။
ယခု စစ်ကောင်စီ ဝင်ရောက်စီးနင်းတဲ့ KK Park ဟာ ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်တဲ့ ကရင်နယ်ခြားစောင့်တပ်(BGF) က ထိန်းချုပ်ထားတဲ့ စီမံကိန်းဖြစ်တယ်လို့လည်း သိရပါတယ်။