စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်း စာသင် ကျောင်းကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းသား/သူ အစုလိုက်အပြုံလိုက် သေဆုံးတာနဲ့ ပတ်သက်ပြီး လေကြောင်းမှ တိုက်ခိုက်ရန် အမိန့်ပေးသူများနဲ့ ပူးပေါင်းပါဝင် ကျူးလွန်သူများကို ပြစ်ဒဏ်ကင်းလွတ်ခွင့် မရှိစေရေး ပြင်းထန်စွာ အပြစ်ပေးအရေး ယူနိုင်ရန် စုံစမ်းရှာဖွေ ဖော်ထုတ်သွားမယ်လို့ NUG ရဲ့ ပညာရေးဝန်ကြီးဌာနက ယနေ့ညမှာ ထုတ်ပြန်ထားပါတယ်။
ယနေ့ မေလ ၁၂ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်မှာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်း ကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆရာမ(၂)ဦးနဲ့ ကျောင်းသား/သူ အယောက် ၂၀ ဦး ပွဲချင်းပြီး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၄၀ ကျော်ရှိတယ်လို့ သိရပါတယ်။
ယခုစစ်ကောင်စီက ဗုံးကြဲတိုက်ခဲ့တဲ့ စာသင်ကျောင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်က ပညာရေးဌာနတစ်ခုဖြစ်တဲ့ မူလတန်းကျောင်းတစ်ကျောင်းဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း ထိရောက်တဲ့ တားဆီးအရေးယူမှုများကို ဆောင်ရွက်ပြီး ကလေးငယ်များအတွက် လုံခြုံစွာပညာသင်ယူခွင့်နဲ့ ဘေးကင်းလုံခြုံတဲ့ ကျောင်းများ ပေါ်ပေါက်လာရေး အားဖြည့်ပံ့ပိုးရန် တာဝန်ရှိတယ်လို့ NUG က တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့နှစ် ယခုလိုအချိန်မှာလည်း ဒီပဲယင်းဒေသကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ပြီး ဒေသခံ ၆ ဦးသေဆုံးကာ ၂၆ ဦး ထိခိုက်ဒဏ်ရာရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီက ယခု မတ်လကုန်အထိ အပစ်ရပ်စဲရေးကာလ ထပ်တိုးကြေညာထားပေမယ့် တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေကို နေ့စဥ်ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေဆဲပါ။