ထိုင်း – မြန်မာနယ်စပ်၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်မြို့နယ်အတွင်းမှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့က အကြီးစားမူးယစ်ဆေးဝါး သယ်ဆောင်မှုတစ်ခုကို ထိုင်းအာဏာ ပိုင်တွေ ကြားဖြတ်ဖမ်းဆီးနိုင်ခဲ့ပြီး စိတ်ကြွဆေးပြား ၅ ဒဿမ ၄ သန်းကျော်နဲ့ အိုက်စ်(Ice) ၅၀ ကီလိုဂရမ် သိမ်းဆည်းရမိခဲ့တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။
ထိုင်းနယ်ခြားစောင့်တပ်တွေ ကင်းလှည့်နေစဥ် ချင်းဒေါင်မြို့နယ်၊ မိန်းဏကျေးရွာအုပ်စုရှိ အနုရို့ထိုင်း ကျေးရွာအနီး (ထိုင်း−မြန်မာနယ်စပ်နဲ့ ၂ မိုင်ခန့်အကွာ)မှာ သံသယဖြစ်ဖွယ် လူ ၂၅ ဦးခန့်ပါတဲ့ လူတစ်စု တွေ့ရှိခဲ့ပြီး အဲ့ဒီအဖွဲ့ဟာ အနက်ရောင်အိတ်တွေကို ပစ်ကပ်ကားတစ်စီးပေါ် တင်ဆောင်နေစဉ် အာဏာပိုင်တွေက စစ်ဆေးဖို့ ခေါ်ယူခဲ့ရာကနေ ပစ္စည်းများ ပစ်ချကာ လူစုကွဲပြီး ထွက်ပြေးသွားခဲ့ကြတယ်လို့ ဆိုပါတယ်။
ထွက်ပြေးသွားတဲ့ သံသယရှိသူတွေကို ထိုင်းအာဏာပိုင်တွေက လိုက်လံဖမ်းဆီးခဲ့ရာ ၎င်းအဖွဲ့ထဲမှ အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိတဲ့ ဖူးခတ်(Phuket) လိုင်စင်နံပါတ်ပါ ပစ်ကပ်ကားပေါ်မှာ ဆာလာ အိတ် ၂၅ အိတ်တွေ့ရှိပြီး အိတ်အတွင်းမှ “ 999” တံဆိပ်ပါ စိတ်ကြွဆေးပြား ၅,၀၆၀,၀၀၀ ပြား ၊ “ Y1” တံဆိပ်ပါ ဆေးပြား ၄၀၀,၀၀၀ ပြား စုစုပေါင်းစိတ်ကြွဆေးပြား ၅,၄၆၀,၀၀၀ ပြားနဲ့အတူ လက်ဖက်ခြောက်အိတ်အတွင်း သိုဝှက်ထားတဲ့ အိုက်စ် ၅၀ ကီလိုဂရမ် တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်ရာမှာ ပါဝင်ပတ်သက်နေတဲ့ ကွန်ရက်တစ်ခုလုံးကို ဖော်ထုတ်ဖမ်းဆီး နိုင်ဖို့ ထိုင်းအာဏာပိုင်တွေက ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ထိုင်း−မြန်မာနယ်စပ်အနီး မိုင်းဆတ်မြို့နယ်အတွင်းရှိ မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့ စက်ရုံကို စစ်ကောင်စီဘက်က ဝင်ရောက်စီးနင်းခဲ့သလို “ဝ” တောင်ပိုင်းတပ်ဖွဲ့ (UWSA) ကလည်း မိုင်းတုံမြို့နယ်အတွင်းက ဖမ်းဆီးရမိတဲ့ အိုက်စ် ၄၉၄ ကီလိုဂရမ်နဲ့ ဘိန်းဖြူ ၁၂၀ ကီလိုဂရမ်ကို မိုင်းဆတ်အခြေစိုက် စစ်ကောင်စီတပ် ဗျုဟာထံသို့ လွှဲပြောင်းပေးခဲ့ပါတယ်။