ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကြီး−လွိုင်လင်လမ်းပိုင်း ဟိုပုံးနဲ့ မိုင်းပွန်ကြား ထမ်းဆမ်းဂူအကျော်မှာ တောင်ပြိုမှုများဖြစ်ပေါ်ကာ ၎င်းတောင်ပြိုမြေများရှင်းလင်းရန် မေလ ၂၀ ရက်မှစပြီး ဇွန်လ ၃ ရက်နေ့အထိ (၁၅)ရက်ကြာ ညပိုင်းအချိန် ယာဥ်ဖြတ်သန်းသွားလာခွင့် ခေတ္တပိတ်ထားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ လမ်းပိုင်းကို မေလ ၂၀ ရက်မှ ဇွန်လ ၃ ရက်နေ့အတွင်း နောင်ခါးရွာအနီး မိုးမင်းသား စားသောက်ဆိုင်မှ လွယ်ဝိုးတုတ်ကျေးရွာအနီး မြရတနာစားသောက်ဆိုင်အထိ ညစဥ် ၁၀ နာရီမှ နံနက် ၄ နာရီ အတွင်း မော်တော်ယာဥ်ဖြတ်သန်းသွားလာခွင့် လုံးဝ ပိတ်ထားမှာဖြစ်တယ်လို့ သိရပါတယ်။
“ လွိုင်လင်− တောင်ကြီးလမ်းကတော့ ဘယ်ချိန်ပဲသွားသွားလမ်းပိတ်တာပဲ၊ မိုးတွင်းဆို တောင်ပြို တာတွေဖြစ်တော့ ပိုဆိုးတာပေါ့” လို့ အဆိုပါလမ်းကို အသုံးပြုသွားလာနေတဲ့ ယာဥ်မောင်းက Hsan Loi Voice ကို ပြောပါတယ်။
လွိုင်လင်−တောင်ကြီးလမ်းပိုင်း ကားပိတ်မှုဖြစ်ပေါ်ခဲ့ပေမယ့် အခြားရှောင်ကွင်းလမ်းဖြစ်တဲ့ ကျောက်တန်း-ပင်လုံ ဖြတ်လမ်းကနေ ယာဥ်ငယ်များ အသုံးပြုသွားလာနေပြီး အဆိုပါ လမ်းသည်လည်း အတက်အဆင်းကြီးတာကြောင့် အန္တရာယ်များကာ သတိထားသွားလာစေလိုတယ်လို့ ၎င်းယာဥ်မောင်း က ဆက်ပြောပါတယ်။