တောင်ကြီး မြို့ပေါ်မှာ ယခုရက်ပိုင်းထဲ မော်တော်ဆိုင် ကယ်တွေ ကို ပြစ်ချက်အမျိုးမျိုးရှာပြီး ဖမ်းဆီးထိန်း သိမ်းမှုတွေ ကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ် ။
” အခုရက်ပိုင်း ဘဲဥ (ယာဥ်ထိန်းရဲ) တွေ အနောက်မြို့ပတ်လမ်း တွေမှာ ဖမ်းဆီးတာဆက်တိုက်ပဲ တစ်ခြားအရှေ့မြို့ပတ်လမ်းမှာလဲ တွေ့ရတယ် မထင်ရင်မထင်သလိုပဲ ဖမ်းတယ် တစ်ရက်ကို အစီး ၅၀ ကျော်လောက်ရှိမယ် ” လို့ ကံသာရပ်မှာ နေထိုင်တဲ့မြို့ခံတစ်ဦးကပြောပါတယ် ။
မေလ ၂၁ ရက်နေ့က တောင်ကြီး မြို့၊အနောက်မြို့ပတ် လမ်း ၊ ကံသာရပ် ဓမ္မာရုံလမ်းထောင့်မှာ စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲတွေက စီမံချက်ပုံစံမျိုးနဲ့ မော်တော်ဆိုင်ကယ်တွေကို လမ်းပိတ်ပြီး ဖမ်းဆီးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ် ။
” ဖမ်းတာကလဲ အရင်ကဆိုဆိုင်ကယ် ဦးထုပ်ဆောင်းထားရင် မဖမ်းဘူး ၊ ခုက ဦးထုပ်ဆောင်းလဲ နံပါတ်ပြား ဘက်မှန် လိုင်စင် အကုန်စစ် တယ် မျက်စိရှေ့တင် Delivery ပို့တဲ့ ကလေးတွေ ကို ဆိုင်ကယ်ဦးထုပ်ပါလဲ တားပြီး ဖမ်းနေတာတွေ့ခဲ့တယ် စိတ်မကောင်းဘူး ” လို့ ကံရှေ့ရပ်မှာနေထိုင်တဲ့ မြို့ခံတစ်ဦးကပြောပါတယ် ။
ယခုနှစ်ပိုင်းထဲ တောင်ကြီး မြို့ပေါ်မှာ ယာဥ်ထိန်းအင်အား တွေသိသိသာသာ ပိုမိုများပြားလာပြီး လူသစ်တွေ ထပ်တိုးထားတဲ့ထဲက အမျိုးသမီးယာဥ်ထိန်းရာခိုင်နှုန်း ပိုများတယ်လို့ သိရပါတယ် ။
မြို့မစျေး အနီးနေထိုင်သူတစ်ဦးကလည်း” VIP ကားတွေ မိန်းလမ်းဖြတ်တော့မယ် ဆိုင်ရင် မိန်းလမ်း တစ်လျှောက် အောက်က ရပခ အထိပဲ များလိုက်တဲ့ ယာဥ်ထိန်းတွေ လမ်းတိုင်းမှာရှိတယ် ” လို့ ပြောပါတယ် ။
လိုင်စင်မဲ့ကားနဲ့မော်တော် ဆိုင်ကယ်တွေကြောင့် နိုင်ငံ တော်ရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေပြီး အခွန်အခတွေ
နစ်နာတယ်လို့ ဆိုပြီးဖမ်းဆီးဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကမေလ (၂၀)ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေး မှာညွန်ကြားထားတာပါ ။ အဲ့ဒီညွန်ကြားချက် ထွက်လာပြီးနောက်တောင်ကြီးမှာ မော်တော်ဆိုင်ကယ်တွေအရင်ကထက်ပိုမို ဖမ်းဆီးအရေးယူမှုတွေ လုပ်ဆောင်လာတယ်လို့ သိရပါတယ် ။
ဓါတ်ပုံ – တောင်ကြီး တွင် ဆိုင်ကယ်ဦးထုပ်ဆောင်းထားတဲ့ Delivery တစ်ဦးကို ယာဥ်ထိန်းရဲမေတစ်ဦးက ဖမ်းဆီးစစ်ဆေးနေပုံ ။