တောင်ကြီးမြို့ အနောက်မြိုပတ်လမ်း နိဗ္ဗာန်လမ်းဆုံ အနီးရှိ ရှိုင်း ဂက်စ်ဖြည့်သည့်ဆိုင်ကို မေလ ၁၄ ရက် ညပိုင်း (၈)နာရီအချိန်က ကုန်တင်ကားတစ်စီး နောက်ပြန်လိမ့်ကာ ဝင်တိုက်မိကြောင်း မြို့ခံများထံမှ သိရသည်။
” ကုန်တင်ကားသမား အပေါ့ဆင်းသွားတဲ့ချိန် ဟမ်းဘရိတ် မဆွဲမိပဲ ရပ်ထားရာက ဂက်စ်ဆိုင်ထဲကို ဝင်သွားတာ၊ ဘာမှမဖြစ်တာပဲ ကံကောင်းပါတယ်၊ ဂက်စ်ဆိုင်ဆိုတော့လေ၊ လူမထိဘူး ကားဘာမှ မထိခိုက်ပေမယ့် ဆိုင်ကတော့ တော်တော်လေး ပျက်စီးသွားတယ် ” လို့ မျက်မြင်တွေ့ ခဲ့သူတစ်ဦး ကပြောပါတယ်။
၄င်း ဂက်စ်ဆိုင်ထဲမှ ကုန်တင်ကားပြန်ဆွဲထုတ်ရာ၌
ဓါတ်မိးတိုင်၊ ဖုန်းကြိုး၊ အင်တာနက် ဝိုင်ဖိုင်ကြိုးများ ငြိပါပြတ်တောက်သွားသဖြင့် အနီးနားရှိ ကံသာရပ်ကွက်၊ အနောက်မြို့ပတ်လမ်း အနီးတဝိုက်တွင် လျှပ်စစ်မီး ပြတ်တောက်နေကြောင်း သိရသည်။
” မြို့ရှောင်လမ်းဘက် သွားခိုင်းတော့လည်း အတက် ကြမ်းလို့ လမ်းမကောင်းလို့နဲ့မြို့ထဲပေးဖြတ် မောင်းတော့လည်း စည်းကမ်းမရှိ ရပ်ကွက်လမ်းတွေထဲ မောင်းချင်သလိုမောင်း၊ သူများအိမ်ရှေ့ ပိတ်ရပ်လိုရပ် ဟွန်းသံအကျယ်ကြီးအရှည်ကြီးတွေတီးပြီးမောင်းတာ၊ ထမင်း ထည့်ယူလာတဲ့ အိတ်ခွံတွေ ရေသန့်ဘူးအလွတ်တွေ ကွမ်းတံထွေးထည့်ထားတဲ့ ဘူးတွေကို ပစ်ခဲ့တာတွေ ကွမ်းတွေးတွေ ထွေးခဲ့တာတွေ ရေမြောင်းထဲ ဆီးသွားခဲ့တာ မမြင်ချင်မှ အဆုံး” လို့ မြို့မိမြို့ဖ တစ်ဦးကပြောပါတယ်။
တောင်ကြီးမြို့တွင် ကုန်တင်ကားများကို ဖြတ်သန်းခွင့်ပေးထားသည့် မြို့ရှောင်လမ်းတွင် မိုးရွာ၍ လမ်း ချော်သဖြင့် အနောက်မြို့ပတ်လမ်းတွင် အချိန်ပိုင်း အလိုက် ကုန်တင်ကားကြီးများ၊ တွဲကားများ၊ လောင် စာဆီ ကားကြီးများတို့ကို ယခုလဆန်းပိုင်းကစ၍ ဖြတ်သန်းမောင်းနှင် ခွင့်ပြုထားခြင်း ဖြစ်ကြောင်း သိရသည်။
တောင်ကြီးမြို့ပေါ်တွင် ကုန်တင်ကားသမားများနှင့်မြို့ခံများကြား မကြာခဏ ပြဿနာ ဖြစ်ပွားနေရပြီးမနက်ပိုင်း၊ ညနေပိုင်း လူအရမ်းရှုပ်သည့် အချိန်တွင် တွဲကားကြီး အဆက်မပြတ် မောင်းနှင်နေသဖြင့် ယာဉ်အန္တရာယ်ရှိကြောင်း ၊ တွဲကားကြီးများကို သတ်မှတ်အချိန်နှင့် စည်းကမ်းရှိစွာ မောင်းနှင်သင့်ကြောင်း မြို့ခံများက ဝေဖန်နေကြသည်။