ယခုလ နောက်ဆုံးပတ်မှာ စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲမှာ တိုင်းပြည်နှင့် ဒေသအကျိုးကို ဆောင်ရွက်နိုင်သူ၊ စစ်တပ်နဲ့ သဟဇာတဖြစ်စွာ လက်တွဲဆောင်ရွက်နိုင်သူများကို မဲပေးရွေးချယ်ပေးရန် လိုတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် က ပြောပါတယ်။
ယမန်နေ့ ဒီဇင်ဘာလ ၁ ရက်က ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးရှိ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်၊ ရဲအရာရှိ လေ့ကျင့်ရေးကျောင်းနဲ့ ဗဟိုမီးသတ်သင်တန်းကျောင်းမှ နည်းပြအရာရှိများ၊ သင်တန်းသားများနဲ့ တွေ့ဆုံချိန်မှာ အထက်ပါအတိုင်းပြောကြားတာဖြစ်ပါတယ်။
“သင်တန်းသား သင်တန်းသူများအနေနဲ့ ဆန္ဒမဲများပေးရာတွင် တိုင်းပြည်နှင့် ဒေသအကျိုးကို ဆောင်ရွက်နိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးကို လိုက်နာစောင့် ထိန်းနိုင်သူ၊ တပ်မတော်ဟာ နိုင်ငံတော် တည်ရှိသရွေ့ တည်ရှိနေမယ့် အခိုင်မာဆုံးသော အဖွဲ့အစည်းဖြစ်တဲ့အတွက် တပ်မတော်နှင့် သဟဇာတ ဖြစ်စွာ လက်တွဲဆောင်ရွက်နိုင်သူများကို ရွေးချယ် ဆန္ဒမဲပေးရန်လိုကြောင်း” ပြောဆိုခဲ့တာပါ။

ယခုလ ၂၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအား လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေရေး စီမံဆောင်ရွက်ပြီးဖြစ်သလို လုံခြုံရေးအခြေအနေအရ အပိုင်းသုံးပိုင်းခွဲကာ ဆောင်ရွက်သွားမှာဖြစ်ပြီး မဲမသမာမှု ပြုလုပ်လို့မရနိုင်တဲ့ မြန်မာအီလက်ထရောနစ် မဲပေးစနစ် (MEVM)နဲ့ မဲပေးနိုင်ရေး စီမံဆောင်ရွက်ထားတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
စစ်တပ်က ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် နိုင်ငံရေးပါတီ ၅၇ ပါတီရှိနေပြီး တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအပါ အဝင် ကိုယ်စားလှယ်လောင်း ၅ ထောင်နီးပါး ဝင်ရောက်ယှဥ်ပြိုင်မယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲ ကျင်းပတဲ့ရက် နီးကပ်လာပေမယ့် ပြည်သူအများစုက စိတ်ဝင်စားမှု မရှိဘူးလို့ လည်းသိရပါတယ်။