တရုတ်အလိုရှိနေတဲ့ ကျားဖြန့်ခေါင်းဆောင် ရှီကျီကျန်းကို ယနေ့ နိုဝင်ဘာလ ၁၂ ရက် ညနေပိုင်းမှာ ထိုင်းအာဏာပိုင်တွေက တရုတ်အစိုးရထံ လွှဲပြောင်းပေးမှာဖြစ်တယ်လို့ သိရပါတယ်။

မြဝတီမြို့ရှိ ရွှေကုက္ကိုလ်အခြေစိုက် ကျားဖြန့်ဂိုဏ်းတွေရဲ့ အဓိက ကြိုးကိုင်သူလို့ သတ်မှတ်ခံထားရတဲ့ ရှီကျီကျန်း ဟာ တရုတ်နိုင်ငံသားများထံ ယွမ်ငွေ ဘီလီယံနဲ့ချီ လိမ်လည်ပြီး အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကုန်းကူးမှုနဲ့ ငွေကြေး ခဝါချမှု ပြုလုပ်တယ်ဆိုပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် သြဂုတ်လအတွင်းက ဘန်ကောက်မြို့မှာ ဖမ်းဆီးခံရတာဖြစ်ပါတယ်။

သူဟာ အိမ်ခြံမြေလုပ်ငန်းရှင်သာဖြစ်ပြီး တရုတ်လုံခြုံရေး အေဂျင်စီတွေရဲ့ နိုင်ငံရေးအရ နှောင့်ယှက်မှု ခံရသူဖြစ်တယ်လို့ စွဲချက်တွေကို ခုခံပြောဆိုခဲ့သေးတယ်လို့ သိရပါတယ်။
ရှီကျီကျန်း ဟာ အရှေ့တောင်အာရှတစ်လွှား ကာစီနိုနဲ့ အွန်လိုင်းစီးပွားရေးလုပ်ငန်းတွေမှာ အဓိက ရင်းနှီး မြုပ်နှံတဲ့ ရထိုက်ကုမ္ဗဏီအုပ်စု (Yatai International Holding Group -Yatai IHG)ရဲ့ ဥက္ကဋ္ဌ ဖြစ်ပါတယ်။
ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB)၏ ဟာနုမန်အထူးစစ်ဆင်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူများက ဝန်းရံပြီး ရှီကျီကျန်း အား တရုတ်နိုင်ငံသို့ လွဲပြောင်းပို့ဆောင်နိုင်ရန် သုဝဏ္ဏဘူမိလေဆိပ်သို့ လိုက်ပါပို့ဆောင် ပေးခဲ့တယ်လို့ သိရပါတယ်။