သျှမ်းပြည်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ ကျိုင်းခမ်းကျေးရွာအုပ်စု၊ နားတော်ကျေးရွာရှိ သမိုင်းဝင် မွေတော်နမ့်ဆွမ်စေတီတော် အား ထီးတော်တင်လှူပူဇော်ပွဲ အခမ်းအနားကို တပေါင်းလပြည့်နေ့ မတ်လ ၂ ရက် နံနက်ပိုင်းက စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

ထီးတော်တင်လှူပွဲ အခမ်းအနားကို မိုင်းဖုန်းဆရာတော် အရှင်ဉာဏသံဝရ ဦးစီးမှုဖြင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)မှ အရာရှိကြီးများ၊ အရာရှိစစ်သည်များ ထီးတော်တင် လှူပူဇော်ပြီး ရပ်ဝေးရပ်နီးမှ တိုင်းရင်းသားပြည်သူ အများအပြား တက်ရောက်ကြည်ညိုခဲ့ကြပါတယ်။

ရေပြာရေထွက် ထွက်ရှိရာ နေရာမှာ မွေတော်နမ့်ဆွမ်စေတီတော်မြတ်ကြီးအား တည်ထားကိုးကွယ် တာဖြစ်ပြီး သမိုင်းအထောက်အထားများအရ လွန်ခဲ့တဲ့ ၁၆၀၅ ခုနှစ် (နှစ်ပေါင်း ၄၂၁ နှစ်)ကပင် စတင် တည်ထားတာဖြစ်ကာ ဒေသတွင်းအခြေအနေအရ နမ့်ဆွမ်စေတီအား အပြီးသတ် တည်ထား နိုင်ခြင်းမရှိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် ဒေသတွင်း ပြည်သူများ ကိုးကွယ်ပူဇော်နိုင်ရန်အတွက် RCSS/SSA ၏ ဒုတိယဥက္ကဋ္ဌ(၂) ဗိုလ်ချုပ်ခေးငင်း က ပင်မအလှူဒါယကာအဖြစ် တာဝန်ယူတည်ထားခဲ့တာဖြစ်ပြီး RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် နှင့် ဇနီး နန်းလိန်ခမ်း အပါအဝင် အမှတ် (၁၂) စစ်ဒေသမှ အရာရှိစစ်သည်များ က စုပေါင်းကာ စေတီတော်ကြီး အောင်မြင်စွာ တည်ထားကိုးကွယ်နိုင်ရန် ဒါနကုသိုလ် ပါဝင်ကူညီ ခဲ့ကြတယ်လို့ သိရပါတယ်။

ယခု စေတီတည်ထားတဲ့ နားတော်ကျေးရွာဟာ ယခင်က အိမ်ခြေ ၄၅ အိမ်ခန့် ရှိခဲ့သော်လည်း စစ်အစိုးရ လက်ထက် “ ဖြတ်လေးဖြတ်” ကာလအတွင်း ရွာလုံးကျွတ် ဖယ်ရှားခံခဲ့ရပြီး ၂၀၁၈ ခုနှစ်မှသာ နေရပ်သို့ ပြန်လည်အခြေချနိုင်ခဲ့ကြတာဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ကွန်ဟိန်းမြို့နယ်၊ ကျိုင်းခမ်းအုပ်စုထဲရှိ နားတောကျေးရွာဟာ နမ့်ပန်မြစ်မှ ခွဲထွက်လာတဲ့ မြစ်လက်တက်များ ဝန်းရံလျက်ရှိပြီး စိုက်ပျိုးရေးအတွက်လည်း အလွန်ကောင်းမွန်တဲ့ ဒေသတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။