မြန်မာနိုင်ငံမှာ ကျင်းပပြီးစီးသွားတဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု မရှိတဲ့အတွက် ထွက်ပေါ်လာတဲ့ ရလဒ်တွေကိုလည်း အာဆီယံနိုင်ငံအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ငြင်းပယ်ထားတယ်လို့ သိရပါတယ်။
“မကြာသေးမီက ပြုလုပ်ခဲ့တဲ့ စစ်တပ်ရွေးကောက်ပွဲဟာ လွတ်လပ်မှုမရှိသလို တရားမျှတမှုလည်း မရှိပါ၊ မြန်မာပြည်သူပြည်သားများရဲ့ ဆန္ဒတွေနဲ့ ကိုက်ညီဖို့ဆိုရင် ဆက်လက်လုပ်ဆောင်စရာတွေ များစွာကျန်ပါသေးတယ်” လို့ ယူကေနိုင်ငံခြားရေးဝန်ကြီး က ထုတ်ပြန်ပြောဆိုပါတယ်။

အာဏာသိမ်းမှု ၅ နှစ်တာအတွင်း မြန်မာပြည်သူများဟာ တိုးမြင့်လာနဲ့ အကြမ်းဖက်မှုတွေနဲ့ ဆိုးရွားတဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဒုက္ခတွေကို ရင်ဆိုင်နေရပြီး လူပေါင်း ၃.၆ သန်းကျော်လည်း ဆက်လက် ဖြစ်ပွားနေတဲ့ ပဋိပက္ခကြောင့် နိုင်ငံအတွင်း နေရပ်စွန့်ခွာရွှေ့ပြောင်းနေရတယ်လို့ သြစတြေးလျ အစိုးရ က ထုတ်ပြန်ထားပြီး အထူးသဖြင့် စစ်အုပ်စုက ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲဟာ အတိုက်အခံများ ပါဝင်မှုမရှိဘဲ ဖိနှိပ်မှုတွေနဲ့ ပြုလုပ်ခဲ့ခြင်းဖြစ်တာကြောင့် လွတ်လပ်တရားမျှတမှု မရှိဘူးလို့ ဆိုပါတယ်။

အလားတူ အာဏာသိမ်းမှု ၅နှစ် ပြည့်ဖို့ အလိုမှာဘဲ ကျင်းပခဲ့တဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲဟာ အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတဲ့ ယုံကြည်စိတ်ချရတဲ့၊ ပွင့်လင်းမြင်သာတဲ့၊ အားလုံး ပါဝင်ပတ်သက်မှုရှိတဲ့ ရွေးကောက်ပွဲဖြစ်စဥ် မရှိခဲ့ခြင်းကြောင့် တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ရပ် မဖြစ်ဘူးလို့လို့ ဥရောပသမဂ္ဂက ပြောပါတယ်။
ဒါ့အပြင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးကလည်း စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ်မပြုဘူးလို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောဆိုထားပြီး အိမ်နီးချင်း ထိုင်းနိုင်ငံကတော့ “ Calibrated Engagemet” ခေါ် ချိန်ညှိထားသောဆက်ဆံရေးပုံစံနဲ့ မြန်မာ့ အပြောင်းအလဲအပေါ်မူတည်ပြီး ဆက်ဆံသွားမယ်လို့ အဆိုပြုထားပါတယ်။
စစ်တပ်က ဖမ်းဆီးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို ချက်ချင်းလွှတ်ပေးရန်၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အကြမ်းဖက်မှုတွေ အားလုံး ရပ်စဲရန်၊ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အတားအဆီးမရှိ ဝင်ရောက် ခွင့်ပြုရန်နဲ့ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ကို အကောင်အထည်ဖော်ပြီး စစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ရန် အာဆီယံအပါအဝင် UK နဲ့ EU နိုင်ငံတို့က တောင်းဆိုထားပါတယ်။
စစ်တပ်အာဏာသိမ်းမှု ၅ နှစ်ပြည့်တဲ့ ဒီကနေ့မှာ မြန်မာနိုင်ငံတွင်းဖြစ်ပွားတဲ့ ပဋိပက္ခအခြေအနေဟာ ဆက်လက်ဆိုးရွားနေဆဲဖြစ်တယ်လို့ မြန်မာနိုင်ငံအခြေစိုက် သံရုံးတွေဖြစ်တဲ့ ဗြိတိသျှသံရုံး UK၊ ဥရောပသမဂ္ဂ(EU)နဲ့ သြစတြေးလျသံရုံးတို့က အသီးသီးထုတ်ပြန်ခဲ့ပါတယ်။