စစ်ကော်ရှင်ရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး ဖမ်းဆီးအရေးယူခံထားရတဲ့သူထဲက ၄ ဦး ကို ရွေးကောက်ပွဲဥပဒေနဲ့ သက်ဆိုင်ရာမြို့နယ်တရားရုံးက နှစ်ရှည်ထောင်ဒဏ်များ ချမှတ် လိုက်တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၁၉ ရက်နေ့က ရန်ကုန်တိုင်း၊ အနောက်ပိုင်းလှိုင်သာယာနဲ့ အရှေ့ပိုင်းလှိုင်သာယာမြို့နယ် တရားရုံးမှာ အသက် ၂၃ နှစ်အရွယ်ရှိ အမျိုးသား ကိုရန်နိုင်ကြည်ဝင်း နဲ့ အသက် ၂၄ နှစ်အရွယ် ကိုအောင်ရဲထွဋ် ဆိုသူ နှစ်ဦးကို ထောင်ဒဏ်(၄၉)နှစ်စီ ချမှတ်ခဲ့ပြီး အသက် ၁၉ နှစ်အရွယ် မယမင်းထက် ဆိုသူ နောက်ထပ် လူငယ်အမျိုးသ္မီး တစ်ဦးကိုလည်း ထောင်ဒဏ် ၄၂ နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလက ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပိုစတာများ လိုက်ကပ်ခဲ့တဲ့အတွက် ၎င်းတို့ကို ဖမ်းဆီးခဲ့ပြီး နှစ်လအကြာမှာ နှစ်ရှည်ထောင်ဒဏ် အသီးသီးချမှတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အလားတူ မွန်ပြည်နယ် ချောင်းဆုံမြို့နယ်မှာ နေထိုင်တဲ့ အသက် ၆၅ နှစ်ရှိ ဦးကျော်မြင့်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်က လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းပါ စာရွက်တွေကို ဆုတ်ဖြဲ ဖျက်ဆီး ခဲ့တဲ့အတွက် စစ်ကော်မရှင်က ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၆(က)/၂၄(က) အရ မော်လမြိုင်ခရိုင် တရားရုံးက သူ့ကို ထောင်ဒဏ် ၁၇ နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့ကလည်း သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့မှ အသက် ၃၆ နှစ် အရွယ်ရှိ ကိုနေသွေး ကို ပထမဆုံး ရွေးကောက်ပွဲ ဆန့်ကျင်သူအဖြစ် စစ်ကော်မရှင်က ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၂၃(က) အမှုနဲ့ တောင်ကြီးမြို့နယ် တရားရုံးက အလုပ်နဲ့ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ပါတယ်။
စစ်ကော်မရှင်က ရွေးကောက်ပွဲ ဥပဒေနဲ့ အမှုဖွင့် ဖမ်းဆီးခံရသူတွေအထဲ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသူ ၅ ယောက် အထိရှိသွားပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ဖမ်းဆီးအရေးယူ ခံထားရသူ စုစုပေါင်း ၁၀၀ နီးပါးအထိ ရှိနေပြီလို့ စစ်ကော်မရှင်ရဲ့ ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရသိရပြီး စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ပြည်သူများအနေနဲ့ မဲမပေးကြရန် တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း တိုက်တွန်း ထုတ်ပြန်ထားပါတယ်။