စစ်ကောင်စီတပ်နှင့် ကိုးကန့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA) တို့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ဇန်နဝါရီ(၁၈)ရက်က စတင်အသက်ဝင်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning က ယနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့တယ်လို့ တရုတ်ကလာတဲ့သတင်းအရ သိရပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်ဖျန်ဖြေမှုအောက်မှာ စစ်ကောင်စီနဲ့ MNDAA တို့က ဇန်န၀ါရီလ လလယ်မှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်း တွင် သတ္တမအကြိမ်မြောက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး ဆွေးနွေးပွဲရလဒ်ကို လွယ်ကူချောမွေ့စေရေးအတွက် နှစ်ဖက်စလုံးကို ကျေးဇူးတင်ကြောင်း သူမက ပြောကြားခဲ့ပါတယ်။
သျှမ်းမြောက်မှာဖြစ်ပေါ်နေတဲ့ တင်းမာမှုများ ဖြေလျှော့မှုသည် မြန်မာနှင့် ဒေသတွင်းနိုင်ငံ အသီးသီး၏ ဘုံအကျိုးစီးပွားအတွက်ဖြစ်ပြီး တရုတ်-မြန်မာ နယ်စပ်ဒေသ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေမည်ဖြစ်တယ်လို့ ၎င်းက ပြောကြားခဲ့တယ်လို့ သိရ ပါတယ်။
အဲ့ဒီအပစ်ရပ်သဘောတူစာချုပ်ထဲမှာ ဘယ်အချက်တွေသဘောတူတယ်ဆိုတာ ဖော်ပြထားတာ မရှိသလို MNDAA ဘက်လည်း ယခုချိန်ထိ တစ်စုံတစ်ရာ ထုတ်ပြန်ကြေငြာထားတာ မရှိသေးပါဘူး။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းက ကိုးကန့်တပ်အနေနဲ့ လားရှိုးမြို့အပါအဝင် သျှမ်းမြောက်ပိုင်း မြို့အချို့ကို တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်လုပ်ဆောင် နေတာ လည်းဖြစ်ပါတယ်။