ယမန်နေ့ ဇန်နဝါရီ ၁၈ ရက်က ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂန်မြို့ရှိ အမေရိကန်သံရုံးရှေ့မှာ လူပေါင်းထောင်ချီက အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ ဂရင်းလန်ကို သိမ်းပိုက်ရန် ကြိုးပမ်းမှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချကာ “ဂရင်းလန်သည် ရောင်းရန်အတွက် မဟုတ်ဘူး” ကြွေးကြော် ဆန္ဒပြခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ဂရင်းလန်မြို့တော် နူး(Nuuk)မှာလည်း ပြည်သူတွေ စုဝေးဆန္ဒပြခဲ့ကြပြီး အမေရိကန်ခေါင်းဆောင်၏ အစီအစဉ်ကို ဆန့်ကျင်ခဲ့ကြပါတယ်။
၎င်းဆန္ဒပြပွဲဟာ ထရမ့်က ဂရင်းလန်ကို ဝယ်ယူရန် ငြင်းဆန်သော နိုင်ငံ ၈ နိုင်ငံမှ တင်သွင်းကုန် ပစ္စည်းများအပေါ် အခွန်တိုးမြှင့်မယ်လို့ ခြိမ်းခြောက်ပြောဆိုပြီးနောက် ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။
အဲ့ဒီ ၈ နိုင်ငံမှာ ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင်၊ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ နယ်သာလန်နဲ့ ဖင်လန် တို့ ဖြစ်ပြီး ထရမ့်က အဆိုပါ နိုင်ငံများမှ တင်သွင်းကုန်များအပေါ် အခွန်ကို နှစ်ဆင့် တိုးမြှင့်မှာဖြစ်ပြီး ပထမအဆင့် အနေနဲ့ ၂၀၂၆ ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာ အခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံမှာဖြစ်ကာ ဒုတိယအဆင့်ကိုတော့ ၂၀၂၆ ဇွန် ၁ ရက်မှ စတင်ပြီး အခွန် ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်မယ်လို့ ဆိုပါတယ်။
ထရမ့်က ဂရင်းလန် ဝယ်ယူရေး သဘောတူညီချက် ရရှိတဲ့အထိ အခွန်တိုးမြှင့်မှုကို ဆက်လက်ထားရှိ မယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။
ထရမ့် အခွန်တိုးမြှင့်ရန် ခြိမ်းခြောက်ခဲ့တဲ့ နိုင်ငံ ၈ နိုင်ငံက ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ဒိန်းမတ်နိုင်ငံနဲ့ ဂရင်းလန်ပြည်သူတွေကို ထောက်ခံအားပေးကြောင်း အတည်ပြုပြောဆိုထားပါတယ်။
အဲ့ဒီကြေညာချက်မှာ နေတိုးအဖွဲ့ (NATO)ရဲ့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အာတိတ်ဒေသ၏ လုံခြုံရေးကို အားဖြည့်ရန် ကတိကဝတ်ပြုထားပြီး ၎င်းဟာ အတ္တလန္တိတ်သမုဒ္ဒရာ ဆက်စပ်ရပ်ဝန်းမှ မဟာမိတ်များရဲ့ ဘုံအကျိုးစီးပွားဖြစ်တယ်လို့ ဖော်ပြထားပြီး အခွန်တိုးမြင့်ရေး ခြိမ်းခြောက်တာဟာ အတ္တလန္တိတ် သမုဒ္ဒရာ ဆက်စပ်ရပ်ဝန်းမှာ ရှိနေတဲ့ဆက်ဆံရေးကို ပျက်စီးစေနိုင်ပြီး ထိန်းချုပ်မရဘဲ လျင်မြန်စွာ ဆိုးရွားလာနိုင်တဲ့ အခြေအနေသို့ ဦးတည်သွားနိုင်တယ်လို့ သတိပေးထားပါတယ်။